မေမေ ကျွန်မကို မေးနေကြ စကားလေးတစ်ခွန်းရှိပါတယ်။
"လူ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းဟာ အရေးအကြီးဆုံးလဲတဲ့။"
အဲ့ဒီမေးခွန်းရဲ့ အဖြေမှန်ကို ကျွန်မသိရဖို့အတွက် နှစ်တွေတော်တော်ကြီးကို ကြာခဲ့ပါတယ်။
ကျွန်မ ကလေးအရွယ်တုန်းကတော့ အသံဟာအရေးအကြီးဆုံးလို့ ထင်ပြီး
“သမီးရဲ့ နားတွေပေါ့ မေမေ..” လို့ဖြေခဲ့ပါတယ်။
မေမေက ပြုံးပြီးကျွန်မကိုကြည့်တယ်။ ပြီးတော့
“မဟုတ်ဘူးသမီး.. လူတော်တော်များများက နားမကြားလည်း ဘဝကိုဆက်နေသွားနိုင်သေးတယ်လေ.. ဒါပေမယ့် သမီးဆက်စဉ်းစားပါဦး.. မေမေ နောက်တော့မှ ထပ်မေးမယ်..”။
အဲ့ဒီမေးခွန်းလေးကို နှစ်တွေအများကြီးကြာမှ မေမေ ကျွန်မကို ထပ်မေးခဲ့တယ်။ ပထမတစ်ကြိမ် ကြိုးစားဖြေခဲ့ပြီးကတည်းက ကျွန်မ လေးလေးနက်နက် ထပ်ပြီးအဖြေကို စဉ်းစားထားပြီးပါပြီ။ ဒါနဲ့ ဒီတစ်ခေါက် မေမေ့မေးခွန်းကို ချက်ချင်းပဲ ဖြေလိုက်တယ်။
“မြင်ရတာဟာ လူတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ် မေမေ.. အဲ့ဒါကြောင့် အဖြေက သမီးတို့ရဲ့ မျက်စိတွေပဲပေါ့..”။
မေမေ ကျွန်မကို အရင်တစ်ခါကလိုပဲ ပြုံးပြီး ကြည့်တယ်။
“သမီးက သင်ယူတာမြန်သားပဲ.. ဒါပေမယ့် အဖြေက မမှန်သေးဘူး သမီးရဲ့.. လောကကြီးမှာ မျက်စိမမြင်တဲ့ သူတွေအများကြီးလေ.. သမီးလေး..”။
နှစ်တွေထပ်ကြာတဲ့တိုင်အောင် စိတ်မလျှော့သေးဘဲ ကျွန်မထပ်စဉ်းစားလိုက် မေမေမေးခဲ့ရင် ဖြေလိုက်နဲ့ အကြိမ်ကြိမ် မှားနေခဲ့တယ်။ မေမေကတော့ “မမှန်သေးဘူးသမီး.. ဒါပေမယ့် မေမေ့သမီးလေးက ပိုပိုပြီး တစ်နှစ်ထက် တစ်နှစ် ရင့်ကျက်လာတာ မေမေခံစားရတယ်” လို့ပဲ အမြဲတမ်း ဖြေပေးခဲ့တယ်။
ဒီလိုနဲ့....... ပြီးခဲ့တဲ့နှစ်က ကျွန်မ အဖွားဆုံးသွားခဲ့တယ်။
လူတိုင်း ရင်ထဲမှာဆို့နင့် နာကျင်နေခဲ့တယ်။ လူတိုင်းလည်း ငိုခဲ့တယ်။ တစ်သက်နဲ့တကိုယ် ဖေဖေငိုတာ မတွေ့ခဲ့ဖူးပေမယ့် အဖွားဆုံးတော့ ဖေဖေဝမ်းပန်းတနည်းငိုတာ ကျွန်မမြင်ခဲ့ရတယ်။ အဖွားရုပ်ကလပ်ကို နောက်ဆုံးအနေနဲ့အနီးကပ် ကြည့်ဖို့ ကျွန်မနဲ့မေမေ ရုပ်ကလပ်တင်ထားတဲ့ နေရာလေးမှာ သွားရပ်ကြတယ်။
အဲ့ဒီအချိန်မှာ မေမေက
“လူ့ခန္ဓာကိုယ်မှာ ဘာအရေးကြီးဆုံးလဲ သမီးသိပြီလား..”
ဆိုပြီး ရုတ်တရက် မေးတော့ ကျွန်မ တော်တော်အံ့သြသွားတယ်။
ဒီအချိန်မျိုးမှာမှ ဘာလို့မေမေ ဒီမေးခွန်းကို မေးရတာလဲ.. ဒီမေးခွန်းဟာ ကျွန်မနဲ့မေမေ ကြား ကစားနည်းသက်သက်တစ်ခု ပဲလို့ ကျွန်မယူဆထားတာလေ..။ ကျွန်မရဲ့ နားမလည်နိုင်ဘဲ စိတ်ရှုပ်သွားတဲ့ မျက်နှာကို မြင်ပြီး မေမေက..
“ဒီမေးခွန်းဟာ အရမ်းကို အရေးကြီးတယ် သမီး.. သမီးဘဝမှာ ဘယ်လိုမျိုး နေထိုင်ခဲ့တယ်ဆိုတာ မေးခွန်းက ပြနေတယ်.. ကိုယ်ခန္ဓာအစိတ်အပိုင်း တော်တော် များများတွေကို အဖြေထင်ပြီး သမီးဖြေခဲ့တိုင်း သမီးမှားတယ်လို့ မေမေပြောတယ်.. ဘာကြောင့်ဆိုတာကို ဥပမာတွေ မေမေ ပြောခဲ့တယ်နော်.. ဒါပေမယ့် ဒီနေ့က ဒီသင်ခန်းစာကို သမီးသင်ယူရမယ့် နေ့ဖြစ်နေပြီ..”။
မေမေ့မျက်လုံးနှစ်ဖက်လုံး ငိုထားလွန်းလို့ ဖူးရောင်နေတာ ကျွန်မမြင်နေရတယ်။ မျက်ရည်တွေလဲ စိုနေတုန်းပါပဲ။ မေမေက..
“သမီးလေး.. လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံးက ပုခုံးတွေပေါ့..”
လို့ နွေးနွေးထွေးထွေးကြည့်ပြီး ကျွန်မကိုပြောတယ်။ ကျွန်မ ပြန်မေးမိတယ်..
“ပုခုံးက သမီးရဲ့ခေါင်းကို ထိန်းထားရလို့လား..မေမေ..”။
မေမေပြန်ဖြေတဲ့စကားဟာ ကျွန်မတသက်အကြီးမားဆုံး တန်ဖိုးအရှိဆုံး သင်ခန်းစာပါပဲ..။
“မဟုတ်ဘူးသမီး.. ဘာလို့ဆိုတော့ သူက ချစ်တဲ့သူတွေ..သူငယ်ချင်းတွေ..ရဲ့ ဦးခေါင်းတွေကို ထိန်းပေးထားလို့ပဲ..လူတိုင်းက ဘဝမှာ သူတို့ရဲ့ ဝမ်းနည်းအားငယ်မှု..နာကျင်မှုတွေခံစားမိရင် ငိုဖို့ တချိန်ချိန်တော့ ပုခုံးတစ်ဖက်လိုချင်ကြတယ်.. မေမေအမျှော်လင့်ဆုံးက သမီးဘဝမှာ ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံနေပြီး..သမီးလိုအပ်တဲ့အချိန်မှာ သူတို့ရဲ့ ပုခုံးတစ်ဖက်ကို ပေးချင်ကြတဲ့ သူငယ်ချင်းကောင်း..မိတ်ဆွေကောင်းတွေ ရှိနေဖို့ပါပဲ..သမီးလေး..”။
အဲ့ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာမှာ အရေးကြီးဆုံးအစိတ်အပိုင်းက တစ်ကိုယ်ကောင်းမဆန်တဲ့နှလုံးသား ဆိုတာ ကျွန်မ ကောင်းကောင်းသဘောပေါက်သွားပါတယ်။ အဲ့ဒါဟာ တစ်ယောက်ရဲ့ ဝေဒနာတွေကို တစ်ယောက်က နားလည်စာနာမှုပေးတယ်လို့ ပြောလည်းရတယ်။
လူတွေဟာ သင်ဘာပြောခဲ့သလဲ.. ဘာတွေလုပ်ခဲ့လဲ ဆိုတာ မေ့ချင်မေ့သွားနိုင်ပေမယ့် သူတို့ကို သင်ဘယ်လိုခံစားရအောင်လုပ်ပေးခဲ့လဲ ဆိုတာ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါဘူး။
အားလုံး အချင်းအချင်း ချစ်ခြင်းမေတ္တာလေးတွေနဲ့ ကိုယ်ချင်းစာ နားလည်ဖေးမနိုင်ကြပါစေ..း )
(copied from Mon's second post from 53blog....)