စင်ကာပူရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများဖြစ်သော Eunos ဓါတ်တော်တိုက်၊ Toa Payoh ကျောင်း၊ Clementi ကျောင်း၊ Sembawang ကျောင်းများတွင် ကြိုတင်ကြေညာထားသည့်အတိုင်း ဗုဒ္ဓဆင်းတုတော်များ ရေသပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်လှူခြင်းများ၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်၊ လက်သည်းညှပ်ခြင်းများဖြင့် ကုသိုလ်ပြုခဲ့ကြပြီး ဧည့်သည်များကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ယနေ့သည် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အလျောက် မြန်မာအများစုသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ကုသိုလ်ပြုခဲ့ကြသည်ဟု သိရသည်။
မြန်မာများ စုဝေးလေ့ရှိသော စင်ကာပူမြို့လည်ခေါင်ရှိ ပင်နီစူလာ ပလာဇာနှင့် ပတ်ဝန်းကျင်တွင်လည်း ဘုန်းတော်ကြီးကျောင်းမှ အပြန်လာကြသည့် သင်္ကြန်ချစ်သူများဖြင့် စည်ကားနေခဲ့သည်။ ပင်နီစူလာ ပလာဇာမှ ဆိုင်ခန်းအချို့က မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော အစရှိသည့် ရိုးရာသင်္ကြန်မုန့်များကို စတုဒီသာ ကျွေးမွေးခဲ့ကြသည်။ စီးတီးဟောအနီးရှိ ပန်ဒန်းကွင်းတွင်လည်း ရန်ကုန်မှ လာရောက်ဖျော်ဖြေကြသည့် ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ ဖြူဖြူကျော်သိန်း အစရှိသော အဆိုတော်တို့၏ ဂီတဖျော်ဖြေပွဲကို နေ့လည်ပိုင်းက ကျင်းပခဲ့ရာ မိုးကလေးဖွဲဖွဲရွာနေသည့်တိုင်အောင် အားပေးသည့် ပရိသတ်အများအပြားဖြင့် စည်ကားနေခဲ့သည်။ အဆိုတော်များသည် လူသိများသည့် သီချင်းများကို ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုခဲ့ကြရာ ပွဲငတ်နေသော စင်ကာပူရောက်မြန်မာများ အထူးပင်အားပေးခဲ့ကြသည်ကို တွေ့ရသည်။ ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးက “သင်္ကြန်သီချင်းတွေကြားတဲ့အခါ၊ မုန့်လေးတွေစားရတဲ့အခါ ရန်ကုန်ကိုပြန်သတိရတယ်။ ပြန်လည်းပြန်ချင်တယ်။ ပြန်ခွင့်မရသေးခင် ဒီလိုကြုံရတော့ ပျော်တယ်။ စင်ကာပူမှာ ပထမဆုံးကြုံရတဲ့ သင်္ကြန်ပါပဲ။ ကျွန်တော်ရောက်တာလည်းမကြာသေးတော့လေ” ဟု သံလွင်ကိုပြောပြသည်။
သင်္ကြန်ပွဲများတွင် တွေ့ရလေ့ရှိသော မူးယစ်သောက်စားမှု လွန်ကဲခြင်းများကိုလည်း ပြည်တွင်းသင်္ကြန်ပွဲများကဲ့သို့ပင် မြင်တွေ့ခဲ့ရသည်။ အရက်ဘီယာများကိုလည်း လျှော့ဈေးများဖြင့် ရောင်းချခဲ့ကြရာ မိန်းကလေးအချို့ပင် အထိန်းအကွပ်မဲ့ မူးယစ်နေသည်ကို တွေ့ရသည်။
No comments:
Post a Comment