Friday, October 16, 2009

နှောင်ကြိုးနှစ်ထုံး

………~~~………

တစ်နေ့သောအခါမှာအိမ်ကခင်ပွန်း အလုပ်တာဝန်နဲ့ တစ်လလောက် ခရီးထွက်စရာကြုံလာပါတယ်။ မသွားလို့မရတဲ့အခြေအနေဆိုတော့ သွားကိုသွားရမှာ။ ဒါနဲ့ သူ့ကိုမှာစရာရှိတာမှာ၊ ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပေးပြီး တကိုယ်တည်းစဉ်းစားနေမိတယ်။ “ငါတယောက်တည်း ဘယ်လိုနေရမလဲ သရဲခပ်ကြောက်ကြောက်နဲ့ “
တခါမှလည်းမခွဲဘူးတော့ စိတ်အားငယ်နေမိတယ်။ သူကလဲ စိတ်မချတော့ “အမေ့ကိုခေါ်အိပ်ပေါ့” ဆိုတာနဲ့ အမေနဲ့တွေ့ရဖို့ အခွင့်အရေးရသွားတယ်။ အင်းပြောတော့ လွယ်လွယ်လေး၊ အမေက တခြားမြို့မှာ အဝေးကြီး၊ ရေတတန်ကုန်းတတန် လာရမှာ....
အမေ့ကိုဖုန်းဆက်ပြီးအကူအညီ တောင်းကြည့်တော့ အမေကကြည်ဖြူစွာ လက်ခံပါတယ်၊ ခင်ပွန်းနဲ့ ခွဲရပေမယ့်လည်း အမေနဲ့ပြန်တွေ့ရမှာဆိုတော့ ရင်ထဲမှာ ဖော်မပြနိုင်အောင် ၀မ်းသာနေမိတယ်။ အမေနဲ့မတွေ့ရတာ တော်တော်ကြာပြီပဲ အိမ်ထောင်ပြုပြီးကတည်းက၊သူများအိမ်မှာ အခန်းလေးငှားပြီး နေရတော့ လူ(၃)ယောက်စလုံး အိပ်လို့မရ၊ အိမ်ရှင်ကလည်း လူပိုမခေါ်ရဆိုတော့ အမေနဲ့ ဖုန်းသာအဆက်အသွယ်ရှိပြီး မတွေ့ရတာ (၂)နှစ်နီးပါးရှိရော့ပေါ့။

………~~~………

သူခရီးထွက်တဲ့နေ့ နေ့လည်လောက်မှာ အမေ အထုပ်ကြီး အထုပ်ငယ်နဲ့ ရောက်လာပါတယ်။ တထုပ်က အမေ့အ၀တ်အစားတွေ တထုပ်က တော့ ကျွှန်မတို့အတွက် စားစရာသောက်စရာ၊ အခြောက်အခြမ်းတွေ အပြည့်နဲ့၊ ရွေအစစ်နဲ့ လုပ်ထားတဲ့ ဘုရားဆင်းတုတော်လေး တဆူတော် အဆစ်ပါသေး၊ ကျွှန်မတို့အိမ်မှာကိုးကွယ်ဖို့ဆိုပြီး အပင်ပန်းခံ သယ်လာပေးပါတယ်၊အမေ့ကျေးဇူးတွေ မနည်းတော့ပါဘူး။ အခုချိန်ထိပဲ….. ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ နောက်ပိုင်း အမေ့တယောက်တည်း ကြိုးစားရုန်းကန်ပြီး ကျွှန်မတို့မောင်နှမတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင်ပြုစုပြိုးထောင်ပေးခဲ့တဲ့ အမေ....
အမေနဲ့ကျွန်မ ရုပ်နဲ့ စိတ်ဓါတ် တပုံစံတည်းဆိုတော့ တကျက်ကျက်၊ မတည့်အတူနေ၊ အဖေ့အကြောင်းနဲ့ ပတ်သက်ပြီး အမေနဲ့ အမြဲစကားများရတယ်။ အမေကလည်း အဖေ့အကြောင်းမေးတိုင်းရန်ရှာ ကျွန်မကလည်း မမေးပဲမနေနိုင်တော့ မေးတိုင်းလည်း
“အေ နင့်ချစ်အဖေကို သိပ်တွေ့ချင်နေတယ်ပေါ့ဟုတ်လား? ဟိုကဖြင့် သားသမီးမှန်း မသိလို့တောင် နင်တို့ကို လှည့်မကြည့်ဘူး.သွား.....နင်နောက်တခေါက်ထပ်ပြောရင် နင့်အဖေနောက်လိုက်သွား’’ တဲ့
ကျွန်မ သိပါတယ် အမေ.....အမေ့မေတ္တာနဲ့တင် သမီးတို့ဘ၀ ပြည့်စုံနေပါပြီ၊ အဖေမလိုတော့ပါဘူး။

………~~~………

ခင်ပွန်း ခရီးထွက်ကာစမှာ သူ့ကိုလွမ်းလိုက်..အမေနဲ့စကားတွေပြောလိုက်နဲ့...
၁ရက်က၁ရက်၊ ၁ပတ်က၁ပတ်ကြာလာတော့ သူ့ကို လုံးလုံးမေ့ပြီး အမေနဲကျွန်မ ရဲ့ အရင်တုန်းက ရုန်းကန်ခဲ့တဲ့ဘ၀လေးထဲ ပြန်ရောက်သွားသလိုခံစားနေမိတယ်။
ကျွန်မ အလုပ်သွားနေချိန်မှာတော့ အမေတယောက်တည်းအိမ်မှာ ပျင်းနေမှာပေါ့။ အမေ့ကိုတော့ စာအုပ်တွေ၊ ဗီဒီယိုခွေတွေ ကြည့်ဖို့ ပြောထားရတယ်၊ ကွန်ပျုတာတွေ ဂိန်းတွေက အမေ မသုံးတတ်ဘူးလေ၊ ခက်တာက အမေက အငြိမ်မနေ တကုပ်ကုပ်နဲ့
ကျွန်မ အိမ်ရောက်ချိန်မှာ အိမ်မှုကိစ္စတွေ အကုန်ပြီးနှင့်နေပြီး ထမင်း၊ဟင်းချက်ပြုတ်၊ ခူးခပ်ပြီး ကျွန်မကိုအရန်သင့် စောင့်နေလေပြီလေ။ တနေ့တမျိုး မရိုးရအောင် ဟင်းမျိုးစုံ ချက်ကြွေးနေရတာ မမောနိုင် မပန်းနိုင်။ အမေချက်တဲ့ဟင်းက ဘယ်သူမှလိုက်မမှီ။ ငယ်ငယ်လေးကတည်းက စားခဲ့ရပေမယ့် ဘယ်တော့မှ မရိုးနိုင်။ တမ်းတမ်းစွဲနေရသော အမေ့လက်ရာ နောက်တကြိမ်စားနေရပါပြီ။
အိပ်ရာဝင်တိုင်းလည်း ပြောမဆုံးနိုင်တဲ့ အကြောင်းအရာတွေနဲ့ တထောင့်တညပုံပြင်ကဲ့သို့ ပြောမဆုံးနိုင်.....အမေနဲ့ တတွတ်တွတ်...

………~~~………

ဒီလိုနဲ့ ပျော်ရွင်ဖွယ်အချိန်တွေ ကျော်ဖြတ်ရင်း ခင်ပွန်းပြန်မရောက်ခင် (၂)ရက်အလိုမှာတော့ သူပြန်လာရတော့မယ်လို့ သူဖုန်းဆက်လာပါတယ်။ ၀မ်းသာလွန်းလို့ အမေ့ကိုပြေးပြောတော့ အမေက ပြုံးနေခဲ့ပါတယ်။ (၁)လနီးပါးခွဲနေရတာဆိုတော သူနဲ့ပြန်တွေ့ရမှာကို အတိုင်းမသိ ၀မ်းသာနေမိတယ်။ မြန်မြန်ပြန်လာပါစေလို့ဆုတောင်းရတာ အမော...အခုတော့ဆုတောင်းပြည့်ပြီလေ။တဘက်မှာတော့ အမေနဲ့ခွဲရတော့မယ်၊ အလုပ်တဘက်နဲ့ ခွင့်ရက်ကနည်းနည်း၊ အမေကလည်း ကိုယ့်ဇာတိကို မခွာနိုင်။ အမေ ကျွန်မတို့ ဘယ်တော့ပြန်တွေ့ကြမှာလဲ။ အမေ မပူပါနဲ့ သမီး ပိုက်ဆံစုနေပါတယ်...အမေနဲ့ သမီး ဒီမြို့မှာ ကိုယ်ပိုင်အိမ်လေး ၀ယ်နိုင်အောင်လို့.......
အမေ ကျွန်မနဲ့နောက်တကြိမ်ခွဲရမှာမို့ ၀မ်းနည်းနေတယ်ဆိုတာ ကျွန်မအသိပဲ. ကိုယ်ကိုတိုင်လည်း ၅၂၈မေတ္တာ နဲ့ ၁၅၀၀မေတ္တာ လွန်ဆွဲပွဲမှာ အတူတူမနေနိုင်သေးတဲ့ဘ၀.နှစ်ယောက်အိပ်ကုတင်လေးမှာ (၃)ယောက်အိပ်လို့မရ၊ ပစ္စည်းတွေနဲ့ ကျဉ်းမျောင်တဲ့ အခန်းလေးမှာအသက်ရှုမ၀လို့ တညတောင် မနေနိုင်တဲ့ဘ၀...

………~~~………

သူပြန်ရောက်တဲ့နေမှာတော့ အမေ ပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ သူရောက်ရောက်ချင်းပဲ ထမင်းပွဲ အသင့်ပြင်ပြီး
“သား ထမင်း တခါတည်းစားလိုက်မလား...သားဘာစားချင်သေးလည်း အမေချက်ပေးခဲ့မယ်လေ”
သူကလည်းအလိုက်တသိနဲ့
“မလိုဘူး အမေ..သားရှိတာနဲ့စားတတ်တယ် အမေသာကျန်းမာရေးကို ဂရုစိုက်”
လို့ ပြောရှာပါတယ်။
ညနေဘက် ရောက်တဲ့အချိန်မှာတော့ အမေပြန်ဖို့ အချိန်ရောက်တော့ အမေ့ကို ကန်တော့ပြီးကားဂိတ်လိုက်ပို့ ဖို့ပြင်ကြပါတယ်။
အမေ့ခြေလမ်းတွေ လာတုန်းက သွက်လက်သလောက် အပြန်မှာ လေးပင်ဖင့်တွဲ့စွာ.....
ကားထွက်ခါနီးအမေကားပေါ်အတက် အမေ့လက်ကိုရုတ်တရက်ဆွဲကိုင်ပြီး ရင်ခွင်မှာ အပ်ထားမိတယ်။
အမေမျက်ဝန်းကိုကြည့်လိုက်တော့…….
“““အလို အမေ မျက်ရည်တွေ ဆို့နေပါလား”””

3 comments:

The Queen said...

တကယ်ကို heart ထိစေတယ်။ တချိန်ကြရင် ငါတို့သားသမီးတွေ အဝေးကိုထွက်သွားရင် ? အတူနေခွင့်မရတော့ရင် ? အဲဒီလို တွေးမိရင် တကယ်ကို မခံစားနိုင်ဘူး။

♣♣♣အိမ်မက်ချို♣♣♣ said...

ဟုတ်တယ်...သူငယ်ချင်း.....
သံယောဇဉ်နှောင်ကြိုးဆိုတာ ဖြတ်ရခက်တယ်.....

Mon said...

အမ.. လူကို ငိုအောင်လုပ်တယ်.. မျက်လုံးထဲမြင်အောင်ရေးတတ်ပ.. Home Sick!
နောက်လဲ လာလည်မယ်.. အသစ်တင်နော်..း)