Wednesday, December 23, 2009

" ဒီဇင်ဘာသူငယ်ချင်း.."



သူမ..
နှင်းတွေကြားမှာ လူးကာလွန့်ကာ..
လောကဒဏ်တွေကို ခံစားဖို့
စမ်းတစ်ဝါးဝါး လူ့လောကကိုခြေချလာခဲ့တယ်..

စုပ်ချက်တွေဆွဲဖို့ မှင်တံတစ်ချောင်း
ဒါမှမဟုတ်..
ရန်စွယ်ကိုတုံ့ပြန်ဖို့.လှံတံ
တစ်ချောင်း
သယ်ဆောင်မလာခဲ့ပေမယ့်
ဘ၀ကိုတိုက်ခိုက်ဖို့ အရည်အချင်းတွေ
ခေါင်းရွက်လာခဲ့တယ်...

မဟုတ်မခံတဲ့ သူမရဲ့နှုတ်ခမ်းတွေဟာ
ဒီဇင်ဘာ မွေးချင်းကိုတောင်
ရေခဲကြောင့်အရည်ပျော်စေနိုင်တယ်...

ဆောင်းတွင်းရဲ့အငွေ့အသက်လို တစ်လူလူလွင့်ရင်း
ကံနဲ့ဥာဏ်ကိုထပ်ကိန်းတင်ရဲတဲ့သူမ
ဝီရိယဆိုတာသူမအနာဂတ်အတွက်..
တစ်ခါတစ်ရံတော့လည်း...
နူးညံ့မှုတွေရှိတဲ့နှင်းဆီရိုင်းတစ်ပွင့်ပမာပေါ့..

ဘ၀ဇာတ်ခုံရဲ့ပိတ်ကားတွေမှာ
ရောင်စုံပြောင်းပြီး..အငြိမ့်မင်းသမီးအဖြစ်လည်း
ကကြိုးတွေစုံလင်ခဲ့တယ်..
မိုင်တိုင်တွေဖြတ်သန်းခဲ့တဲ့
ရထားတစ်စင်းရဲ့ခုတ်မောင်းသံတွေကို
ခံစားဖို့ခရီးသည်တစ်ယောက်အသွင်မကပဲ
ကိုယ်တိုင်မောင်းနှင်ဖို့ပါကြိုးစားခဲ့တယ်...

ညှို့ယူဖမ်းစားတဲ့စောင်းကြိုးတွေတီးခါတ်ဖို့
အနုပညာတွေအားနည်းခဲ့ပေမယ့်
ဘ၀ရဲ့စည်းကြိုးတွေကို
ရမ်သမ်ညီအောင် ညှိနိုင်ခဲ့တယ်....

လိုအပ်ရင်စိတ်ဓါတ်တွေကိုသံမဏိဖုံးစွပ်ပြီး
မျက်ရည်တွေကိုမြိုသိပ်နိုင်ခဲ့တယ်.
အပြုံးရိပ်တော့မရှားပါးခဲ့ပါဘူး..

ဒီဇင်ဘာမှာမွေးလို့သူမရဲ့ရင်ထဲမှာ
နှင်းမိုးတွေရွာချင်ရွာနေလိမ့်မယ်
ဒါပေမယ့်...
သူမရဲ့ဝိဥာဏ်တွေကိုထုစစ်ထားတဲ့
စိတ်ဓါတ်တွေကတော့ အရည်မပျော်နိုင်တဲ့
မြစ်တစ်စင်းလို တစ်သွင်သွင်နဲ့ပေါ့.....


(မွေးနေ့လက်ဆောင်အဖြစ် ပေးပို့လိုက်သော ချစ်ငယ်သူငယ်ချင်း လူပျိုကြီးဖန်နေ၀န်းကို အထူးကျေးဇူးတင်လျက် :D)

Thursday, November 26, 2009

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီ



iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။

Internet ဂျာနယ်မှ ကူးယူဖော်ပြသည်။

Wednesday, November 25, 2009

ဝက်ခြံအကြောင်း တစေ့တစောင်း


ဘယ်သူမှ မပေါက်ချင်တဲ့ ၀က်ခြံအကြောင်းကို လူတိုင်းသိသင့်ပါတယ်။ သာမန်လူတစ်ယောက် အနေနဲ့ သိသင့်တဲ့ ၀က်ခြံနဲ့ဆိုင်တဲ့ အကြောင်းအရာများ အားလုံးကို ဒီဆောင်းပါးမှာဖေါ်ပြထားပါတယ်။ ကိုယ်တိုင်လည်းဖတ်တဲ့အပြင် အခြားသူများကိုလည်း ဖတ်ရှူနိုင်ရန် ညွှန်ပေးစေလိုပါတယ်။

ဝက်ခြံ

ဝက်ခြံဆိုတာ အင်မတန် အဖြစ်များကြပြီး အများအားဖြင့်တော့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ၀က်ခြံဖုများ ကင်းစင်သွားအောင် ကုသရာမှာ အချိန်အတော်ယူရလို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ၀က်ခြံဖုများ ပျောက်သွားပြီဆိုရင်တောင် နောက်ထပ် ၀က်ခြံများ ထပ်မထွက်လာအောင် နှစ်နဲ့ချီပြီး “ထိန်းသိမ်းကုထုံး” ကိုဆက်လုပ်ရပါမယ်။

ဘယ်သူတွေ ၀က်ခြံပေါက်ကြသလဲ
လူတိုင်းမှာ ၀က်ခြံပေါက်နိုင်ပါတယ်။ အဖြစ်များတာကတော့ ၁၅နှစ် နဲ့ ၂၅နှစ်ကြားလူငယ်တွေပါ။ ၀က်ခြံတော်တော်များများဟာ မျက်နှာမှ ပေါက်တာဖြစ်ပေမယ်လို့ ကျောကုန်း၊ လည်ပင်း နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံအထူအပါးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဆယ်ကျော်သက် ၁၀ယောက်မှာ ၉ယောက် ၀က်ခြံပေါက်ကြပါတယ်။ အဲဒီထဲက ၃ယောက်လောက်ကတော့ ၀က်ခြံများတဲ့အတွက် နောင်အခါ အမာရွတ်များ မထင်ကျန်ခဲ့ရန် ကုသခြင်းခံဖို့ လိုအပ်နေပါတယ်တဲ့။ ၀က်ခြံကို မကုသပဲထားမယ် ဆိုရင်တော့ ၄-၅နှစ်လောက်ကြာရင် သက်သာသွားမှာပါ။ ဒါပေမယ့်လည်း တချို့တွေမှာတော့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားတတ်ပါတယ်။

ဘာကြောင့်ဝက်ခြံဖြစ်ရသလဲ?

အရေပြားအကြောင်း တစေ့တစောင်း

အရေပြားအောက်မှာ အဆီအိတ်လေးတွေရှိပါတယ်။ အဲဒီအဆီအိပ်များထဲမှ အဆီများဟာ အရေပြားပေါ်ကို အလွန်သေးငယ်တဲ့ အပေါက်ကလေးများကနေ စိမ့်ထွက်နေပါတယ်။ ဒီအဆီများဟာ အရေပြား ကြမ်းရှ ချောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အဆီစိမ့်ထွက်သော အပေါက်များမှာ ဆံပင်၊ အမွေး များလည်း ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာသောအခါ အရေပြားမှ အဆီထုတ်လုပ်မှုသည် ကလေးအရွယ်မှာထက် သိသိသာသာများလာသည်။ ဒါကတော့ ကြီးကောင်ဝင်ခြင်းရဲ့ ခန္ဓာကိုယ်ဟော်မုန်းဓါတ် အပြောင်းအလဲ ဖြစ်စဉ်ကြောင့် ဖြစ်ရပါတယ်။ အဆီများများထွက်လေ အရေပြားအဆီများများပြန်လေ ၀က်ခြံပိုဆိုးရလေဖြစ်ပါတယ်။ သတိထားကြည့်ရင် တချို့လူတွေကလည်း သူများထက်ကို ပိုအဆီပြန်လွယ်ပါတယ်။

ဝက်ခြံ သာမန် မှ မနည်းမများ အဆင့် - ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ

အရေပြားပေါ်သို့ အဆီများထွက်ရာ အပေါက်ဝလေးများ၏ ပတ်ဝန်းကျင်ရှိ အရေပြားဟောင်းများ၊ ဆဲလ်အသေများကြောင့် အဆီစိမ့်ထွက်သော အပေါက်ငယ်ကလေးများ ပိတ်သွားတတ်သည်။ ထိုဝက်ခြံဖုကလေးများကို သေချာကြည့်မည်ဆိုလျှင် ဆို့ပိတ်နေသော အသွင်သဏ္ထာန်ကို တွေ့နိုင်ပါသည်။ ၀က်ခြံခေါင်းမည်းများတွင် အမည်းရောင် အစက်ကလေးများကို တွေ့ရမည်ဖြစ်ပါသည်။ ထို အဆီပေါက်ကို ပိတ်သည့် အမည်းရောင်အစက်များသည် အများထင်သလို ချေး (ဂျီး) မဟုတ်ပါ။ အရေပြား၏ အရောင်သာဖြစ်ပါတယ်။ အရေပြားပေါ်ကိုထွက်လာရမယ့် အဆီများကတော့ ထွက်ပေါက်ပိတ်နေတဲ့အတွက် အပြင်ကိုမထွက်ရတော့ပဲ အတွင်းမှာပဲ စုနေရတော့ ကြာလာတော့ အဆီအိပ်သာ တဖြည်းဖြည်း ကြီးလာပါတော့တယ်။ သာမန်အားဖြင့်တော့ ၀က်ခြံတွေဟာ ဒီအဆင့်လောက်ထိပဲ ဖြစ်တတ်ပါတယ်။ ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ လို့ အမျိုးမျိုး ခေါ်ကြပါတယ်။

ဝက်ခြံ အပြင်းစားများ -

ထွက်ပေါက်ပိတ်နေတဲ့ အဆီအိတ်တွေကတော့ P. acne လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး အလွန်နှစ်သက်တဲ့ ရှင်သန်ပေါက်ပွားရာနေရာပါပဲ။ ပုံမှန်အားဖြင့်ကတော့ အဲဒီဘက်တီးရီးယားဟာ အရေပြားပေါ်မှာနေပါတယ်။ အရေအတွက်လည်း နည်းပါတယ်။ အဆီအိတ်ထဲမှာ ပိတ်မိသွားရင်တော့ ခဏချင်းအတွင်း အဆပေါင်းများစွာပွားလာပါတော့တယ်။ အနာကို ပိုးဝင်တာနဲ့ သဘောခြင်းတူတူပါပဲ။ နောက်ဆုံးကျတော့ ၀က်ခြံဖုဟာ ကြီးလာပြီး နီရဲ ယောင်ကိုင်း ပြည်တယ် ပါတော့တယ်။

ဒီလို ယောင်ကိုင်းနေတဲ့ ပြည်တယ်နေတဲ့ ၀က်ခြံအဖုတိုင်း အဖုတိုင်းဟာ တချိန်ချိန်မှာတော့ တဖြေးဖြေး သက်သာ ပျောက်ကင်းသွားပါတယ်။ အဖုဖြစ်ခဲ့ဘူးတဲ့နေရာမှာတော့ အမာရွတ်ကလေးတွေ ကျန်ရစ်တတ်ပါတယ်။ အသားညိုတဲ့သူတွေမှာ ၀က်ခြံအမာရွတ်များကို ပိုပြီးသိသာစွာတွေ့ရပါတယ်။ တချို့မှာကြတော့ အမာရွတ်အစား အရေပြားပေါ်မှာ ကျောက်ပေါက်မာလို အချိုင့် သေးသေးလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအချိုင့်ကလေးတွေကတော့ အချိန်ကာလကြာသော်လည်း ပျောက်ချင်မှ ပျောက်တော့မှာပါ။

မိန်းကလေး တန်မယ့် ယောက်ျားဟော်မုန်း အထွက်များနေသော အခြေအနေမျိုး eg Polycystic Ovary Syndrome ဆိုရင်တော့ သာမန်ထက် ၀က်ခြံပိုများများပေါက်ပါတယ်။ အမျိုးသားဟော်မုန်းများနေတဲ့ အမျိုးအမီးတွေဆိုရင် ခေါင်းကဆံပင်ပါးသော်လည်း နှုတ်ခမ်းမွေးစစ၊ ခြေသလုံးမွေးရေးရေးနဲ့ တွေ့ရတတ်ပါတယ်။ Halogenated Hydrocarbon စတဲ့ ဓါတ်ငွေ့တွေနဲ့ ထိတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလုပ်တဲ့သူတွေမှာလည်း ၀က်ခြံပိုပေါက်ပါတယ်။

ဝက်ခြံကို ပိုဆိုးစေသော အချက်များ

၁။ ပရိုဂျက်စရိုဂျင်တစ်မျိုးထဲပါသော သန္ဓေတားဆေးကဒ်။

၂။ အမျိုးသမီးများ ရာသီပေါ်ခါနီးတ၀ိုက်တွင် ၀က်ခြံဖုများပို “ထ” တတ်ပါတယ်။

၃။ မိတ်ကပ်ထူထူ၊ အဆီများသောမိတ်ကပ် များ ကြောင့်လည်း ၀က်ခြံပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလိမ်းခြင်း၊ အဆီမပါသောမိတ်ကပ်ကို အသုံးပြုခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

၎။ ဆိတ်ဆွခြင်းကြောင့် ၀က်ခြံဖုများကို ပိုမိုယောင်ကိုင်းလာစေပြီး နောင်အခါ အနာရွတ်များဖြစ်စေပါတယ်။

၅။ သာမန်ထက်ပိုပြီး ပူအိုက်စွတ်စိုမှုကြောင့် လွန်လွန်ကဲကဲ ချွေးထွက်များခြင်းဟာလည်း အဆီပေါက်ကလေးတွေ ပိုပိတ်စေပါတယ်။ ဥပမာ - တနေကုန် မီးဖိုချောင်တွင် ပူပူတွင် လုပ်ကိုင် ချက်ပြုတ်နေသူများ။

၆။ အ၀တ်အစားကျပ်ကျပ်ကြောင့် ချွေးထွက်များခြင်း၊ ပွန်းစားခံရခြင်းများကြောင့်လည်း ၀က်ခြံဖုများထွက်စေပါတယ်။ ဥပမာ - နဖူးစည်းကျပ်ကျပ်၊ ဘရာစီယာကြိုးကျပ်ကျပ်၊ လည်ပင်းကော်လာကျပ်ကျပ်တို့အောက်မှာ ၀က်ခြံဖုတွေထွက်နိုင်ပါတယ်။

၇။ တချို့သော ဆေးဝါးများကြောင့် ၀က်ခြံပိုထွက်ပါတယ်။ ဖီနက်တွိုင်း ဆိုတဲ့ ၀က်ရူးပြန်အတက်ကျဆေး၊ ၀ဲနှင်းခုကိုလိမ်းရသော စတီးရွိုက်လိမ်းဆေးများ၊ ကာယဗလအတွက် (တရားမ၀င်) အသုံးပြုသော စတီးရွိုက်ဆေးများ ပဲဖြစ်ပါတယ်။

ဝက်ခြံနှင့်ပတ်သက်သော အယူအဆ အလွဲများ ကိုဖြေရှင်းခြင်း။

၁။ ၀က်ခြံဟာ ညစ်ပတ်လို့ဖြစ်ရတာမဟုတ်ပါဘူး။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။

၂။ အစားအသောက်နဲ့ ၀က်ခြံပေါက်ရတာ ဆက်နွယ်မှုမရှိပါ။ ချောကလက်၊ အချို၊ အဆီများသော အစားအစာများနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၃။ စိတ်ဖိစီးမှုနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၎။ ၀က်ခြံဟာ တစ်ယောက်မှတစ်ယောက်ကို မကူးစက်နိုင်ပါ။

၅။ ရေများများသောက်ခြင်းဖြင့် ၀က်ခြံပျောက်အောင်လုပ်မရပါ။

၆။ ၀က်ခြံကို ဆေးဝါးများဖြင့်ကုလို့ မပျောက်ဘူးဆိုတာ မဟုတ်ပါ။ သေသေချာချာကုရင် ပျောက်ကိုပျောက်ပါတယ်။

ဝက်ခြံရှိသူများအတွက် အရေပြားထိန်းသိမ်းနည်း

၁။ မျက်နှာကို ပုံမှန်ထက် အကြိမ်ပိုများများ သစ်စရာမလိုပါ။ တစ်နေ့ ၂ ကြိမ်ဆိုတော်ပါပြီ။ ပျော့သောဆပ်ပြာနှင့် မပူမအေးသောရေဖြင့် သစ်ရမယ်။ (ပူသောရေ၊ အေးသောရေ များဟာလည်း ၀က်ခြံကိုပိုဆိုးစေပါတယ်။) ၀က်ခြံပေါက်နေသောနေရာကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်း ရှောင်ပါ။ သဲဆပ်ပြာ၊ လောင်စားစေသောဆပ်ပြာ၊ အရေခွံကွာထွက်စေသောဆပ်ပြာ များ လုံးဝ မသုံးရပါ။ ကြမ်းတမ်းစွာပွတ်တိုက် သန့်စင်စေခြင်းကြောင့် ၀က်ခြံဖုများ ပိုမိုယောင်ကိုင်းလာနိုင်ပါတယ်။

၂။ ပိုးသတ်ဆေးပါဝင်သော ဆေးဆပ်ပြာများလည်း သိသိသာသာ ထိရောက်မှုမရှိပါဘူး။

၃။ ၀က်ခြံခေါင်းမည်းမှ အမည်းစက်များကို ဘယ်လိုမှပျောက်အောင်လုပ်လို့ မရပါဘူး။ တကယ်တော့ အဲဒီအမည်းစက်ကလေးတွေဟာ (မှဲ့ လိုမျိုး) အရေပြားရဲ့ အရောင်ပါပဲ။

၎။ အောက်တွင်ဖေါ်ပြမည့် ၀က်ခြံပျောက်လိမ်းဆေး တချို့ဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအခါမှာ အနံ့မပါသော ရေဓါတ် အစိုထိန်းလိမ်းဆေး (fragrance free water based moisturiser cream) များကို သာသုံးပါ။ အဆီပါသော အရာများကိုမလိမ်းပါနဲ့။

ဝက်ခြံကို ကုသခြင်းရဲ့ ရည်ရွယ်ချက်

ဝက်ခြံကို ကုနေကြရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ၀က်ခြံဖုများ တတ်နိုင်သရွေ့နည်းပါးသွားစေရေးနဲ့ အမာရွတ်များ မထင်ကျန်ခဲ့ရေးပဲဖြစ်ပါတယ်။ ၀က်ခြံအထူအပါးပေါ်မှာ မူတည်ပြီး ကုထုံးတွေကွဲပါတယ်။ လိမ်းဆေး သို့မဟုတ် လိမ်းဆေး နဲ့ သောက်ဆေးတွဲ သို့မဟုတ် သောက်ဆေး စသည်ဖြင့် ကွာခြားပါတယ်။

ယေဘူယျအားဖြင့်ဆိုရင်တော့ လူတော်တော်များများမှာ ဖြစ်နေကြတဲ့ ၀က်ခြံအပျော့စား (၀က်ခြံခေါင်းမည်း၊ ဆားဝက်ခြံ) စတာတွေကို ကုစရာမလိုပါဘူး။ အချိန်တန်ရင် သူ့ဖာသာသူပျောက်သွားမှာပါ။ အမာရွတ်လည်း ကျန်လေ့မရှိပါဘူး။ ကုဖို့လိုတဲ့ ၀က်ခြံတွေကတေ့ ယောင်ကိုင်း၊ နီရဲ၊ ပြည်တည်၊ ၀က်ခြံဖုကြီးတွေပါပဲ။ ဒါတွေကတော့ မြန်မြန်ကုနိုင်မှသာ အမာရွတ်ကြီးကြီးကျန်ခဲ့ခြင်းက ကာကွယ်နိုင်မှာပါ။ ဘယ်ဆေးကမှတော့ အရေပြားကို “ပြစ်မျိုးမှဲ့မထင်” ပြန်ပြီးမကောင်းသွားစေနိုင်ပါဘူး။

ဝက်ခြံပျောက်လိမ်းဆေးများ

ဝက်ခြံပျောက်လိမ်းဆေးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ ဂျယ်လီ၊ ဆေးရည်၊ ကရင်မ် စတာတွေပါ။ မတူတဲ့ဆေးတွေဟာ တခုနဲ့တခု ထိရောက်ပုံခြင်းလည်း မတူကြပါဘူး။ ဘယ်ဆေးကို လိမ်းလိမ်း အရေးအကြီးဆုံးကတော့ ဆေးမလိမ်းမှီ အညွှန်းစာရွက်ကို သေသေချာချာ ဖတ်ဖို့ပါပဲ။ ဘယ်လိုလိမ်းရမလဲ၊ ဘယ်နှကြိမ်လဲ၊ ဘာတွေရှောင်ရမလဲ စတာတွေပါ။ နောက်အရေးကြီးတာတခုကတော့ ၀က်ခြံပျောက်ဆေးလိမ်းရင် ဆေးကို ၀က်ခြံဖုတစ်ခုခြင်းစီ လိမ်းရတာမဟုတ်ပါဘူး။ ၀က်ခြံပေါက်နေတဲ့ အရေပြားတ၀ိုက်လုံးကို လိမ်းပေးရပါမယ်။

ဘင်ဇွိုင်းပါရောက်ဆိုက် (Benzyl peroxide)

ဒီဆေးကတော်တော် အသုံးများကြပါတယ်။ သူက သုံးမျိုးလုပ်ပေးပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သတ်ပေးတယ်၊ ယောင်ခြင်းကို ကျစေတယ်၊ အ၀ပိတ်နေတဲ့ အဆီအိတ်တွေကို ပွင့်စေတယ်။ ၀က်ခြံခေါင်းမည်း/ဖြူ တွေကိုလည်း ပျောက်စေတယ်။ အင်မတန်ကောင်းတဲ့ဆေးပေပဲ။ ပြင်းအားအနေနဲ့ ၂.၅%၊ ၄%၊ ၅%၊ ၁၀% စသည်ဖြင့်ထုတ်လုပ်ပါတယ်။ မြန်မာပြည်မှာဝယ်လို့ရပါတယ်။ Oxy 5, Oxy 10 စသည်ဖြင့်လာပါတယ်။ Oxy နောက်က 5, 10 ဆိုတာ ပြင်းအားကို ညွန်းပါတယ်။ နိုင်ငံခြားကဆေးဆိုင်တွေမှာလည်း ဆရာဝန်လက်မှတ်မပါပဲ ၀ယ်လို့ရပါတယ်။

- ဆေးမလိမ်းခင် မိနစ် ၂၀ - ၃၀ ကြိုပြီး မျက်နှာသစ်ထားပါ။
- ဆေးနဲ့ထိမိရင် ဆံပင်တို့၊ အ၀တ်အစားတို့ ဆေးရောင်ကျွတ်တတ်ပါတယ်။ သတိထားပါ။
- တချို့လူတွေမှာ ဆေးလိမ်းလိုက်ရင် အရေပြား စပ်ဖျင်းဖျင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆေးလိမ်းတာကို ရပ်ထားလိုက်ပါ။ နောင်ကျမှ ဆေးပြင်းအား အပျော့ဖြင့် ပြန်စမ်းကြည့်ပါ။ ဒါမှမဟုတ် မျက်နှာပေါ်မှာ ဆေးလိမ်းထားချိန်ကို လျော့လိုက်ပါ။
- အကောင်းဆုံးကတော့ အပျော့ဆုံး ၂.၅% နှင့်စပါ။ နောက်ပိုင်း ကိုယ်ခံနိုင်ရည်အပေါ်မူတည်ပြီး ဆေးပြင်းအားကို တိုးတိုးသွားပါ။
- Water based preparation ရေဓါတ်အခြေခံကို သုံးပါ။ (အရက်ပျံ အခြေခံ ထက်ပိုကောင်းပါတယ်)
- စလိမ်းကာစမှာတော့ တရက်ကို တကြိမ်ပဲလိမ်းပါ။ ဆေးလိမ်းထားပြီး နာရီတော်တော်ကြာရင် မျက်နှာသစ်ပြစ်လိုက်ပါ။
- နောက်ပိုင်းဆိုရင်တော့ မျက်နှာပေါ်မှာ ဆေးလိမ်းထားတဲ့ အချိန်ကို တိုးတိုးသွားပါ။
- တဖြည်းဖြည်း ကျင့်ရင်းနဲ့ နောက်ဆုံး တရက်ကို နှစ်ကြိမ်လိမ်းနိုင်သွားရင်တော့ အကောင်းဆုံးပါပဲ။

ရက်တီးနွိုက် (Retinoids - adapalene, tretinoin, and isotretinoin)

နောက်ပိုင်းမှ ခေတ်စားလာပေမယ့် တော်တော်စွမ်းတဲ့ဆေးပါပဲ။ သူကျတော့ နိုင်ငံခြားမှာဆိုရင် ဆရာဝန်လက်မှတ်နဲ့မှ ၀ယ်လို့ရပါတယ်။

- လိမ်းခါစ အခန့်မသင့်ရင် မျက်နှာကြီး နီရဲယောင်ကိုင်းပြီး အရေပြားတွေ အလွှားလိုက်ကွာထွက်တတ်ပါတယ်။ နောက်ပိုင်းတော့ အသားကျသွားမှာပါ။
- တချို့ကျတော့ လိမ်းခါစမှာ ၀က်ခြံဖုတွေပိုယောင်လာတယ်၊ ပိုဆိုးလာတတ်ပါတယ်။ ဒါလည်းနောက်ပိုင်း သက်သာသွားမှာပါ။
- ဆေးလိမ်းထားပြီးနေရောင်ထဲသွားရင် ပိုပြီနေလောင်တတ်ပါတယ်။ ဒါကြောင့် ညဖက်မှာပဲလိမ်းသင့်ပါတယ်။
- ဆေးလိမ်းသူများ အဖြစ်များတဲ့ အချက်တွေကတော့ အရေပြား ပူခြင်း၊ ယားခြင်း၊ ခြောက်သွေ့ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစပိုင်းတော့ ထုံးစံအတိုင်း ဆေးပြင်းအား အပျော့စားနဲ့စသင့်ပါတယ်။
- ကိုယ်ဝန်ရှိသောသူများ၊ ကိုယ်ဝန်ဆောင်လတ္တံ့သောသူများ မသုံးသင့်ပါဘူး။ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဆေးသုံးနေစဉ် သန္ဓေတားခြင်းပြုလုပ်သင့်ပါတယ်။

ပိုးသတ်ဆေးလိမ်းဆေးများ

ဝက်ခြံပျောက်ဆေးထဲမှာ ပိုးသတ်ဆေးလိမ်းဆေး အမျိုးမျိုး ဈေးကွက်ထဲမှာရှိပါတယ်။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း အဆီအိတ်ထဲ ပိတ်မိနေတဲ့ ပိုးကိုသတ်ပေးတယ်၊ ယောင်တာကို ကျစေတယ်။ ဒါပေမယ့် ပိတ်နေတဲ့ဟာတွေတော့ ပွင့်အောင်မလုပ်ပေးပါဘူး။ အဲဒါကြောင့် ၀က်ခြံခေါင်းမည်း နဲ့ ဆားဝက်ခြံတွေမှာ အသုံးမ၀င်ပါဘူး။ ဒီဆေးတွေလည်း လိမ်းကာစမှာ တချို့လူတွေ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်စေပါတယ်။ သူတို့လည်း ဆေးလက်မှတ်ပါမှ ၀ယ်လို့ရပါတယ်။ မြန်မာပြည်မှာတော့ ပိုးသတ်ဆေး Clindamycin ပါတဲ့ Dalacin-T ဆိုတာ နာမည်ကြီးပါတယ်။


အဇီးလရစ်အက်ဆစ် (Azelaic Acid)

သူလည်း အထက်ကပြောခဲ့တဲ့ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ လိုပါပဲ။ ဒါပေမယ့်နည်းနည်းပျော့ပါတယ်။ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ နဲ့ မတဲ့သူများမှာသုံးပါတယ်။

ဆေးပေါင်းများ

အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို ရောစပ်လိုက်တာပါ။ ဘင်ဇွိုင်းပါရောက်ဆိုက် နဲ့ ပိုးသတ်ဆေး ရော၊ ရက်တီးနွိုက် နဲ့ ပိုးသတ်ဆေး အရော၊ စသည်ဖြင့်ပါ။ နှစ်မျိုးပေါင်းလိုက်တော့ တစ်မျိုးခြင်းစီထက် ပိုစွမ်းသွားတာပေါ့။

သောက်ဆေးများ

ဝက်ခြံအတွက် ပိုးသတ်ဆေးများကို သောက်လို့လည်း ရပါတယ်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် ပိုးများကိုသတ်ပေးပါတယ်၊ ၀က်ခြံဖုယောင်ရမ်းခြင်းကို လည်း ကျစေပါတယ်။ အဆီအိတ် အပေါက်ပိတ်ခြင်းကိုတော့ မထူးခြားစေပါဘူး။ အသုံးများတဲ့ ပိုးသတ်ဆေးတွေကတော့ တက်ထရာဆိုင်ကလင်း အုပ်စုပဲဖြစ်ပါတယ်။ oxytetracycline, tetracycline, doxycycline, lymecycline and minocycline စတာတွေဖြစ်ပါတယ်။ ဒီ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေကို
- ၁၂ နှစ်အောက် ကလေးသူငယ်များ မသောက်သင့်ပါဘူး။
- ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူများ မသောက်သင့်ပါ။
- အစာနဲ့ ဝေးဝေး အချိန်မှာ ရေနဲ့ သောက်ရပါမယ်။ နွားနို့၊ အစာ စတာတွေနဲ့ တွဲမသောက်ရပါ။ အာနိသင်ကျပါတယ်။
- သန္ဓေတားဆေးကဒ်၏ အာနိသင်ကို ကျစေပါတယ်။ တားဆေးကဒ် စားနေသော အမျိုးသမီးများအနေနဲ့ ဆေးစသောက်သော ပထမသုံးပါတ်အတွင်း ကွန်ဒုံးသုံးခြင်းဖြင့် အပိုကာဘာယူထားသင့်ပါတယ်။

တစ်ခြားသော ပိုးသတ်ဆေးများ Erythromycin, Trimethoprim စတဲ့ဆေးတွေကိုလည်း ၀က်ခြံအတွက်သုံးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရလဒ်ခြင်း မတူကြပါဘူး။

ဟော်မုန်းကုထုံးများ

အီစရိုဂျင်ပါတဲ့ တားဆေးတွေကတော့ ဟော်မုန်းမညီညွတ်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံများကို သက်သာစေပါတယ်။ အီစရိုဂျင်နဲ့ အင်တီ-အင်ဒရိုဂျင်ပါတဲ့ ဆေးတွေကိုလည်း သုံးကြပါတယ်။

အိုင်ဆို ထရီတီနိုအင် (Isotretinoin)

အိုင်ဆို ထရီတီနိုအင် ဆိုတာ ရက်တီးနွိုက် နဲ့ အုပ်စုတူပါတယ်။ ဒီဆေးကိုသောက်ရင် အဆီပြန်တာ တော်တော်သိသိသာသာ လျော့သွားပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်များလို့ ကျွမ်းကျင်သူ ဆရာဝန်များ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။

ဘယ်လောက်ကြာကြာကုရမှာလည်း

ဆေးကို လိမ်းလိမ်း သောက်သောက် ပုံမှန်အားဖြင့်တော့ ၄ ပါတ် ကနေ ၆ ပါတ် ကြာမှ ဆေးရဲ့ ထူးခြားမှုဟာ စသိသာလာမှာပါ။ တချို့တွေဆိုရင် ၄လ လောက်ကြာမှ စတင် သိသာလာပါတယ်။ လူတော်တော်များများ က တပါတ် နှစ်ပါတ် စမ်းကြည့်ရုံနဲ့ မသိသာဘူး၊ မသက်သာဘူးဆိုပြီး လက်လျော့လိုက်ကြတာများကြပါတယ်။ ဒါကြောင့်ပဲ ၀က်ခြံဟာ ပျောက်အောင်ကုလို့မရဘူး လို့ထင်နေကြတာပါ။ ဒီတော့ ဆေးနည်းတစ်ခုကို စသုံးမယ်ဆိုရင် အနည်းဆုံး ၆ ပါတ်လောက် သုံးကြည့်ပြီးမှ သက်သာ မသာ အကဲဖြတ်ပါ။ မသက်သာဘူးဆိုရင် စိတ်မပျက်ပါနဲ့။ တခြားတနည်းကို ပေါင်းထည့်ခြင်း၊ ဒါမှမဟုတ် ပိုစွမ်းတဲ့ နည်းကို အသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ ကုရင်းနဲ့ ၀က်ခြံဟာ တဖြည်းဖြည်းပါးလာပြီး နောက်ဆုံးပျောက်သွားမှာပါ။ ၀က်ခြံဖုများလုံးဝပျောက်ကင်းသွားရင်တောင်မှ အရင်က ဖြစ်ခဲ့တဲ့ အမာရွတ်များ ကျန်နေနိုင်ပါတယ်။ ကုထုံးရပ်လိုက်ရင် ၀က်ခြံတွေ စုပြုံထွက်လာတတ်ပါတယ်။ ဒီတော့ နောက်ထပ် ၀က်ခြံထပ်မထွက်တော့အောင်တော့ ထိန်းထားရပါလိမ့်မယ်။ အသုံးအများဆုံးကတော့ ဘင်ဇွိုင်းပါရောက်ဆိုက် အပျော့စား ကို နေ့စဉ်လိမ်းပေးခြင်းပါပဲ။ ၄ - ၅ - ၆ နှစ်လောက်တော့ ဆက်သွားရပါမယ်။ သဘာဝအရ ၀က်ခြံများ ငြိမ်သွားတဲ့ အသက် ၂၀ ကျော်ကျော်အထိ ထိန်းနေရမှာပါ။ တစ်ချို့ အသက် ၃၀ ကျော်အထိ ၀က်ခြံများ ထွက်တဲ့သူတွေကတော့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ စွဲသုံးရပါလိမ့်မယ်။



င်္Forward မေလ်းမှရသည်။

Tuesday, November 24, 2009

JOKE OF THE DAY

အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဟာသလေးတွေကို မြန်မာပြန်ရင် မူရင်းအရသာ ပျက်သွားမှာစိုးလို့ ဒီတိုင်းပဲတင်လိုက်ပါတယ်...အကယ်တော့ ပျင်းလို့.......

* They say that marriage makes a man dizzy, and it's true. As soon as I got a wife, I lost my balance at the bank.

* Men want 3 qualities in wives: Economist in kitchen, artist in home & devil in bed.
But they get artist in kitchen, devil in home & economist in Bed.

* Q: Why do women live longer than men?
A: Shopping never causes heart attacks, but paying the bill does!

* Before marriage: Roses are red, sky is blue. You are beautiful, I love you.
After marriage: Roses are dead, I'm blue. You are my headache, one day I'll kill you.

* Getting married is very much like going to a restaurant with friends.You order what you want, and then when you see what the other person has, you wish you had ordered that.

* Man: Is there any way for long life?
Dr: Get married.
Man: Will it help?
Dr: No, but the thought of long life will never come.

* Why do couples hold hands during their wedding?It's a formality just like two boxers shaking hands before the fight begins!

* Wife: Darling today is our anniversary, what should we do?
Husband: Let us stand in silence for 2 minutes.