Friday, March 20, 2009

ပုစွန်ကျား ၈ ကောင်ကို စင်္ကာပူ ၂၃၉ ဒေါ်လာ ပေးခဲ့ရသူများ

စင်္ကာပူသတင်းလေးပါ။ ကျွန်မလည်း Newton Hawker Centreကိုတခေါက်ရောက်ဖူးပါတယ်။ ဒါပေမယ့် Tanglin Best BBQ Seafood ဆိုင်ကိုတော့ မအားပေးဘူးပါဘူး. ကံကောင်းတယ်လို့ပြောရမယ်။ အောက်ကသတင်းလေးကိုဖတ်ကြည့်ကြပါအုန်း :D

စင်္ကာပူရှိ Newton Hawker စင်တာတွင် ညစာစားခဲ့သည့် အမေရိကန်ကမ္ဘာလှည့်ခရီးသည် ၆ ဦးမှာ ၎င်းတို့၏ ညစာအတွက် စင်္ကာပူငွေ ၄၉၁ ဒေါ်လာ ကျသင့်ခဲ့ပြီး ပုစွန်ကျား ၈ ကောင် အတွက် စင်္ကာပူငွေ ၂၃၉ ဒေါ်လာ အဆမတန်တောင်းခံခဲ့ရသည့် အဖြစ်အပျက် တစ်ခု စနေ့နေ့က ဖြစ်ပွားခဲ့သည်။
၎င်းတို့အနက်မှ အသက် ၃၀ အရွယ်ရှိ ကမ္ဘာလှည့်တစ်ဦးဖြစ်သူ Mr Michael Rigby က “အခုလောက်ကျသင့်တာဟာ ဟိုတယ်က စားသောက်ဆိုင်မှာ သွားစားတာထက် ပိုနေသေးတယ်” ဟု ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ ကျသင့်ငွေ တွက်ချက်မှု အမှားအယွင်း ရှိမရှိ ထိုဆိုင်ရှိ လူတစ်ဦးအား မေးမြန်းခဲ့သော်လည်း ထိုသူမှာ ခေတ္တအကြာတွင် အသက် ၄၀ အရွယ်ခန့်ရှိ ဗလကောင်းကောင်းနှင့် လူ ၄ ဦးနှင့် အတူ ပြန်ရောက်လာပြီး ကျသင့်ငွေ ပေးသည်အထိ မရမက တောင်းမည့်ပုံ ရှိကြောင်း သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။ အဆိုပါဆိုင်မှာ ဆိုင်နံပါတ် ၄၃ ဖြစ်ပြီး Tanglin Best BBQ Seafood ဟု အမည်ပေးထားသည့် ဆိုင်ဖြစ်သည်။ ထိုကမ္ဘာလှည့်များသည် ပုစွန်ကျား ၈ ကောင်အပြင် ကဏန်း ၄ ကောင်၊ ရေဘ၀ဲငယ်များ၊ ကြက်ပေါင်း တစ်ခြမ်း၊ ဘီယာ ၄ လုံးနှင့် သစ်သီးဖျော်ရည်များကို မှာယူစားသောက်ခဲ့ကြသည်။ Mr. Rigby ၏ ဇနီးဖြစ်သူကမူ ပုစွန်ကျားတွေကို Lobster တွေ စားသလောက် ပိုက်ဆံတောင်းနေတယ်ဟု မကျေမခြမ်း ပြောဆိုခဲ့သည်။


ထို ပုစွန်ကျားများမှာ အရွယ်အစားအားဖြင့် ၃၃ စင်တီမီတာ ရှိပြီး ၄၀၀ ဂရမ် အလေးချိန် ရှိကြောင်း သိရသည်။ ထိုသို့ မတန်တဆငွေပေးခဲ့ရသည့် အမေရိကန် ကမ္ဘာလှည့်ခရီးသည်များက အင်္ဂါနေ့တွင် စင်္ကာပူ ခရီးသွားလာရေးလုပ်ငန်းအဖွဲ့ (S'pore Tourism Board [STB]) သို့ တိုင်ကြားခဲ့ပြီး National Envinronmental Agency (NEA) က တာဝန်ယူ ကိုင်တွယ် ဖြေရှင်းခဲ့သည်။ သို့ရာတွင် Mr. Rigby အနေဖြင့် ၎င်းပေးခဲ့ရသည့် ငွေအား ပြန်၍ လျော်ကြေးငွေရမည် မဟုတ်ကြောင်း NEA က ပြောဆိုသည်။ လျော်ကြေး အနေဖြင့် ရရန်အတွက် အမှုဖွင့်မည်ဆိုလျှင်မူ STB က ၎င်းတို့ကိုယ်စား ဆောင်ရွက် ပေးမည်ဟု သိရသည်။ထိုဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် အဆိုပါဆိုင်မှာ ဧပြီလ ၁ ရက်နေ့မှ စ၍ ၃လ တိတိ ပိတ်ထားရမည် ဖြစ်ပြီး ထို ကျသင့်ငွေတောင်းခံခဲ့သည့် အလုပ်သမားမှာ ထိုဆိုင်တွင် ၁ နှစ်တိတိ အလုပ်လုပ်ခွင့် ရှိတော့မည် မဟုတ်ဟု စထရိတ်တိုင်းမ် သတင်းစာတွင် ဖော်ပြပါရှိသည်။

No comments: