Friday, February 13, 2009

`စင်္ကာပူတွင် ပီအာရရေးအတွက် အပြိုင်အဆိုင်လျှောက်နေ`

စီးပွားရေးကျဆင်းနေကာ အလုပ်အကိုင်များ လျှော့ချနေသဖြင့် စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (၀ါ) ပီအာ (Permanent Residency) ရရေး အတွက် စင်္ကာပူတွင် အလုပ် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားများမှာ အပြိုင်အဆိုင် လျှောက်ထားနေကြကြောင်း သိရသည်။


နောက်တစ်နေ့တွင် ပီအာ လျှောက်ထားသည့် ပုံစံကို တင်နိုင်ရန် အတွက် တစ်ရက်ကြိုတင်ကာ ည ၁၁ နာရီခန့်ကပင် Lavender MRT အနီးရှိ လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံတွင် အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားသား အလုပ်သမားများ လာရောက်တန်းစီနေသည်ဟု ဆိုသည်။

ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက် ၃ နာရီခန့်တွင် ထိုအဆောက်အအုံ ရှေ့၌ လူ ၁၀ ဦးထက် မနည်း တန်းစီနေကြသည်ဟု ဆိုသည်။ မနက် ၅ နာရီခွဲခန့်တွင် အဆိုပါ လူတန်းကြီးသည် လူ ၆၀ ခန့် ဖြစ်လာသည်။ မနက် ၈ နာရီခန့်တွင်မူ ထို တန်းစီနေသော လူများမှာ ၂၂၀ ခန့် အထိ များပြားလာခဲ့သည်။

ထိုသူများထဲမှ ၂၀ ဦးကို ကျပန်းရွေးချယ်၍ စစ်တမ်း ကောက်ယူခဲ့ရာ ၁၅ ဦးမှာ ပီအာ လျှောက်ထားရန် လာကြခြင်း ဖြစ်ပြီး ကျန်သူများမှာမူ အခြားဗီဇာကိစ္စများဖြင့် လာရောက်ကြခြင်း ဖြစ်သည်ဟု သိရသည်။

မနက် ၈ နာရီတိတိတွင် လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံ တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် ပီအာလျှောက်ထားလိုသူများသည် ထိုအဆောက်အအုံအတွင်း အလုအယက် ၀င်ရောက်ကာ ၅ ထပ်ရှိ PR Service Centre သို့ သွားရောက်၍ လျှောက်လွှာတင်ရန် စောင့်ဆိုင်းရမည့် လက်မှတ် (Queue Ticket) များကို အပြေးအလွှား ရယူကြလေသည်။

စထရိတ်တိုမ်းမ်သတင်းစာမှ နေ၍ ဇန်န၀ါရီလ ၂ ရက်၊ ၇ ရက်နှင့် ၂၄ ရက်နေ့များတွင် အသီးသီး သွားရောက်လေ့လာခဲ့ရာ ပီအာ လျှောက်လွှာတင်ရန် စောင့်ဆိုင်းရမည့်လက်မှတ်များမှာ ၁၅ မိနစ်အတွင်း ကုန်သွားကြောင်း တွေ့ရှိရသည်။

လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံ အနီးရှိ သတင်းစာရောင်းသူတစ်ဦးက ထိုသို့ ကြိုတင်စီတန်းစောင့်ဆိုင်းနေမှုမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ တဖြည်းဖြည်း ပိုမို များပြားလာကြောင်း ပြောဆိုခဲ့သည်။ သူမက ဆက်လက်၍ “အရင်ကဆို မနက် ၆ နာရီလောက်မှာ လူ နည်းနည်းပဲ ရှိသေးတယ်။ အခုဆို အရင်ကထက် အများကြီး ပိုလာပြီ။ မနက် ၂ နာရီလောက်ကတည်းက လူတွေ တဖြည်းဖြည်း များလာတာ” ဟု ပြောဆိုခဲ့သည်။

အလုပ်သမားဆိုင်ရာ လေ့လာအကဲခတ်သူများက စင်္ကာပူ၏ စီးပွားရေးကျဆင်းနေသဖြင့် နိုင်ငံခြားသား အလုပ်သမားများမှာ အလုပ် မရှိတော့လျှင်လည်း ဆက်လက် နေထိုင်၍ အလုပ်အကိုင်သစ်များ ရှာဖွေနိုင်ရန် သေချာမှုတစ်ခုကို လိုချင်၍ ထိုသို့ ပီအားရရေးအတွက် အပြိုင်အဆိုင် လျှောက်ထားနေကြခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

Employment Pass ၊ S-pass နှင့် Work Permit ကိုင်ဆောင်ထားသူ အလုပ်သမားများသည် အလုပ်မှ ထုတ်ပယ်ခြင်း ခံရပါက စင်္ကာပူတွင် ၇ ရက်မှ ၁၄ ရက်အထိသာ ဆက်လက် နေထိုင်ခွင့် ရှိသည်။ Personalised Employment Pass ကို ကိုင်ဆောင်ထားသူများမှာမူ ၆ လ အထိ အလုပ်အကိုင် မရှိဘဲ နေထိုင်နိုင်သည်။ ပီအာများမှာမူ နေထိုင်ခွင့် (re-entry permit) သက်တမ်း မကုန်ဆုံးသရွေ့ နေထိုင်နိုင်သည်။

တန်းစီ စောင့်ဆိုင်းနေသူ အများစုသည် ပီအာ လျှောက်ထားရန် အတွက် လူဝင်မှုကြီးကြပ်ရေးဌာန၏ အင်တာနက်စာမျက်နှာရှိ e-appointment စနစ်မှ တဆင့် စောင့်ဆိုင်းရမည့်လက်မှတ်ကို ရယူနိုင်သည်ကို သိသော်လည်း ၎င်းအတွက် အချိန်ကြာမြင့်စွာ မစောင့်နိုင်ကြသောကြောင့် ထိုကဲ့သို့ လူကိုယ်တိုင် လာရောက်တန်းစီကြခြင်း ဖြစ်သည်။ အင်တာနက်မှ တဆင့် ရယူမည်ဆိုလျှင် ဇန်န၀ါရီလတွင် appointment ယူမည်ဆိုပါက မတ်လခန့်မှသာ ပီအာ လျှောက်ထားနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအထိ စင်္ကာပူတွင် ပီအာ စုစုပေါင်း ၄၇၈,၀၀၀ ဦး နေထိုင်လျက် ရှိသည်။


Source & Photo: The Straits Times
Copy from Thanlwin.com and thanks!

No comments: