Thursday, April 30, 2009

ဓါတ်ပုံလေးတွေပြင်ရအောင် (Photo Editing as u like)


Free Glitter Graphics


ဓါတ်ပုံလေးတွေပြင်တဲ့ Links လေးတွေဝေမျှချင်ပါတယ်။ ပျိုမေလေးတွေ ဓါတ်ပုံလေးမလှလို့ပူစရာ၊ ရန်ကုန်ကလို ဓါတ်ပုံပြင်ဆိုင်ပို့စရာ မလိုတော့ပါဘူး
Photoshop လို software လဲဝယ်စရာမလို၊ professional လဲဖြစ်စရာမလိုပါဘူး။
အများစုတော့ သိပြီးသားပါ။ ဒါပေမယ့် အသုံးဝင်တယ်လို့ထင်လို့ပါရှင်။
ဓါတ်ပုံပြင်တဲ့အပိုင်းမှာတော့ (၂)ပိုင်းရှိပါတယ်။ ဓါတ်ပုံကို လှအောင်
(၁) ပြုပြင်မွမ်းမံတာနဲ့ (၂) ဖြတ်ညှပ်ကပ် Art ပိုင်းဆံဆံ Creative လုပ်တာဆိုပြီး ရှိပါတယ်။

(၁) ပြုပြင်မွမ်းမံတဲ့ အပိုင်းမှာတော့ ကျွှန်မတို့ဓါတ်ပုံမှာ မျက်လုံးနီတာတို့၊ မလိုတဲ့အပိုင်းကို ဖြတ်ပစ်တာတို့၊ ဆံပင်ကွယ်နေတာကိုပြင်ချင်တာတို့၊ မျက်နှာအဆီပြန်တာတို့ အရေးအကြောင်း မလိုချင်တာတွေ အကုန် ဖျက်လို့ ရပါတယ်။
http://fotoflexer.com/ နှင့်
http://www.lunapic.com/editor/ တို့ပါ။ တခြား Websites တွေလည်းအများကြီးပါ။
fotoflexer ကပိုကောင်းပါတယ် Lunapic ကတော့ပိုလွယ်ပါတယ်။
fotoflexer မှာ ဆိုရင် စိတ်ကြိုက်ပြင်လို့ရပါတယ်။
၁) Effect - ဓါတ်ပုံ colour effect ပြောင်းလို့ရပါတယ်၊ Black & White, Artistic Picture တို့လို ကိုကြိုက်တဲ့အလင်းအမှောင် မျက်လုံးနီတာတို့ ပြောင်းလို့ရပါတယ်ရှင်။
၂) Fonts - ကိုကြိုက်တဲ့ စာလေးတွေ ဘာလုပ်နေတာ ဘယ်နေရာမှာ ဘယ်သူနဲ့ စသဖြင့် ….
၃) Shapes - ကိုကြိုက်တဲ့ Shapes လေးတွေ အသဲပုံ၊ နှတ်ခမ်းပုံ၊ ကာတွန်းပုံ၊ ပန်းပုံလေးတွေကို ဓါတ်ပုံဘေးမှာ အလှအနေနဲ့ Auto ယူပြီး ထည့်တာပါ။။
၎) Doodling - ကိုကြိုက်တဲ့ Shapes လေးတွေ အသဲပုံ၊ နှတ်ခမ်းပုံ၊ ကာတွန်းပုံ၊ ပန်းပုံလေးတွေကို ဓါတ်ပုံဘေးမှာ အလှအနေနဲ့ လက်နဲ့ ဆွဲပြီး ထည့်တာပါ။။
၅) Distortion - ဓါတ်ပုံမကြည်မလင် မပြတ်မသားဖြစ်နေတာတွေကို ပြင်ပေးတာပါ။
၆) Retouch - ပျိုမေတို့ အကြိုက် အရေးအကြောင်း၊၀က်ခြံ၊ မှဲ့ခြောက်၊ မျက်နှာမညီတာတို့၊ Fix Blemish, Smooth Wrinkle တို့ ဟဲဟဲ အားလုံးရပါတယ်။
ရ) Layers - ပုံတွေပေါင်းတာ၊ ၁ ပုံကနေ ၂ပုံ၊ ၃ ပုံပြောင်းတာ၊ နောက်ခံ Background Colour ပြောင်းတာ စသဖြင့်
၈) Advanced - အထက်ပါ အချက်တွေပို အသေးစိတ် ပိုလုပ်နိုင်ပါတယ်။
ဆိုပြီးရှိပါတယ်။

နမူနာပုံလေး...


Creative အပိုင်းမှာတော့
http://www.glassgiant.com/
http://funphotobox.com/
http://www.magmypic.com/
တခြားအများကြီးပါပဲ
Glassgiant log In ၀င်ဖို့လိုပါတယ် တခြား Design တွေကို စိတ်ကြိုက်ယူသုံးတာပါ။
Funphotobox က log In ၀င်စရာ မလိုပါဘူး။ အဆင့် (၃)ဆင့်ပဲ လိုပါတယ်။
၁) ကြိုက်တဲ့ Effect, Design ကိုယူ
၂) ဓါတ်ပုံ ကို Upload လုပ်
၃) ကြိုက်ရင် Save ယုံပါပဲ
Media Advertising ပုံတွေ များပါတယ်
နမူနာပုံလေးတွေနော်...
Mr. Bean ပုံကို ကိုယ့်ပုံလေးတွေထည့်ပြီး စိတ်ကူးယဉ်ကြည့်ပေါ့ ဟားဟား.....

Magmypic က http://www.royal-myanmar.com/ မှာ ဘယ်လိုသုံးတယ်ဆိုတာ ဖော်ပြထားပါတယ် Fake magazine Cover ပုံစံပါ။
နမူနာပုံလေးပါ။

စိတ်တိုင်းမကျသောပုံများ အလွယ်တကူပြင်ပြီး စိတ်သွားတိုင်းကိုယ်ပါ အဲလေ ယောင်လို့ စိတ်ကူးတိုင်း ပုံဖော်နိုင်ကြပါစေလို့........................

Thursday, April 23, 2009

ဖတ်ဖူးသမျှဟာသများ (၁)

အားလုံးဖတ်ပြီးသားလို့ ထင်ပါတယ်။
ဒါပေမယ့် ဟာသလေးတွေကို စုစည်းထားချင်လို့ပါ......
၁) အုန်းသီး
တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး ".........

၂) ကြက်တူရွှေး
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း။

၃) လူသားစား
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

၎) Recycle
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး
" ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle လုပ်နေတာရှင့်"

၅) ^&!()%^$%!$"*(
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....
သားကြီးလာရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။
အဲဒီလို ပြောလို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။

ဖခင်.........^&!()%^$%!$"*(
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့ တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....
သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

၆) သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။
အမျိုးသမီးက အမျိုးသားအား မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။
အမျိုးသားက သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..
ကျွန်တော် ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ လို့မှ မဖြစ်နိုင်တာ"

ရ) မေ့မေ့ သင်္ချာ
သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"
အမေ။ ။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ ညီအဖေကိုရွေးခဲ့တာအေ့...
ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့...."
သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့...
သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."
အမေ။ ။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့... သင်္ဘောသားကိုရွေး..... သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင် ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"

၈) ချစ်လို့ကျီစယ်......
အရူးဆေးရုံ တစ်ခုမှာပါ။
အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့
သူ က“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။
ကျွန်တော် သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။
သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။

၉) စိတ်ဓါတ်ချ ကိရိယာ
တစ်ခါတုန်းက ..............
စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီးသူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်...။
နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီးပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။
စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။
သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လဲ အန္တရယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။
ထိုပြင် ထိုပစ္စည်းမှာ များစွာလည်းသုံးစြွဲပီးဖြစ်ပုံရသည်..။
“ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”
ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။
“ ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။” “ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”
ဈေးဝယ်သူက ထပ်မေးသည်..။
“ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”
စေတန်နတ်ဆိုးက ရှင်းပြလေသည်..။

Friday, April 17, 2009

အလောင်းတော်ကဿပတွင် ထူးခြားမှုများ နှစ်စဉ်ပေါ်ထွန်း





မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ် ဘက်ကမ်းညောင်ပင်ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့ တွဲလပြည့်နေ့က အလောင်း တော်က ဿပ ပရိနိဗ္ဗာန်ပြုရာ စံ ကျောင်းတော် ကျောက် သားတံခါး ပွင့်ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်သူ အမျိုးသမီး တစ်ဦးမှ မှတ်တမ်းတင် ဗီဒီယို ရိုက် ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသ ခံများ၏ ကိုယ်တွေ့၊ ပြောပြချက် အရမူ အလောင်းတော် ကဿပ တွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြား မှုဖြစ်ပေါ်လေ့ရှိကြောင်း သိရပါ သည်။
ရှေးယခင်က အလောင်း တော် ကဿပသို့ ဘုရားဖူးသွားလို လျှင် ခြေလျင်ခရီးသာရှိပြီး ယခု အခါ ပွင့်လင်းရာသီတန်ဆောင်မုန်း လမှစတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များ ဖြင့် စိတ် ချမ်းမြေ့စွာ သွားလာ နိုင်ပါ ပြီ။ မြေခင်းဧရိယာ ကျယ်ဝန်း သော ချောင်းမကြီးစခန်းတွင် ယာဉ် ရပ်နား၍ တစ်မိုင်ခရီး ကို ခြေလျင် လျှောက်ရုံ သာပင်။ အလောင်းတော် ကဿပတွင် တည်းခိုစခန်းများ၊ စား သောက်ဆိုင်တန်းများ သီးခြားတည် ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမ ဝေးတွင် ကြေးပြာသာဒ်စံကျောင်း တော်ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင် သည်။ ကိုယ်စားတော်၏ ဦးခေါင်း တော်အောက် တည့်တည့်လိုဏ်ဂူ အတွင်းမှာ အလောင်းတော်၏ ခြေ တော်အစုံတည်ရှိသည်။ Óဏ်တော် ၁ဝ တောင်ရှိပြီး အနောက်မြောက် ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြု နေဟန် ရဟန္တာပုံ သဏ္ဌာန်ဖြစ်ပါ သည်။ မူလဒါယကာမှာ အဇာတ သတ်မင်း ဟုဆိုကြသည်။ စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်း သွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံး လုံး ဆုံရာအရပ် ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော်တည် ရှိသည်။သမိုင်း ဟောင်း ပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ် သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ သည်။ ဝေဘာရတောင်အလယ်ဗဟို အတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက် တော်အတွင်း ကြေးပြာ သာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင် မဟာကဿပ သည် မြောက်သို့ ဦး ခေါင်းပြုကာ လက်ယာနံတော် စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါ သည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်း တွင် အလောင်း တော်ဘေး၌ ထွန်း ညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီး ကအဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တ ယျ ဘုရားပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇော ဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။ တောင်သုံးလုံးဆုံရာ အောက် ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံ ခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော် အား လှူဖွယ်အမျိုးမျိုးကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်း တော်အား ရည်မှန်း၍ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ကျောက်တံခါး ပွင့်ဟ နေသောကြားမှ ဝတ္ထုနှင့် လက်ဝတ် ရတနာများ လှူဒါန်းကြလေ့ ရှိသည်။
ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူ အတွင်း၌ စံကျောင်းတော်ထဲသို့ စီး ဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင် ၍ အဓိဋ္ဌာန်ပြု လှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ် များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲ များဖြင့် ပိတ်ဆို့သွား၍ ကွန်ကရိ လျှောက်လမ်းခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲ သောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေမြှုပ် နှံပြီးမည်၍မည်မျှ ကိုဖြင့် အဆောင် အဖြစ် ပြန်စွန့်တော်မူပါဟု ဆု တောင်းလျှင် ပြန်၍တူး ဖော်သော အခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက် တံခါး ကြားတွင်ဝတ္ထုငွေကပ်လှူပြီး ဆောင် ထားလိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြု ပြီး ပါက ဆောင်ရမည့် ဝတ္ထုသာ ကျန် သော ဖြစ်စဉ်များကို ကိုယ်တွေ့ကြုံ သူများ အများအပြားရှိသည်။ ခြေတော်ရာ ရှင်မဟာကဿပ မထေရ်ကြီး သည် မဏိပူရမှ တောင်သုံးလုံးဆုံ ရာအရပ် သို့ကြွတော်မူရာတွင် မင်း ကင်းမြို့နယ်၊ နှင်းကြီးရွာမှ ၄ မိုင်ခန့် အကွာ အညာ လယ်ရွာတွင် ခြေ တော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီး ကျောင်း ဝန်းအတွင်း တည်ရှိပြီးခြေတော်ရာ ပေါ်မှ မြေပေါက်လိုဏ် စေတီ တည် ထားသည်။
သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်း ငယ်တစ်ခုမှာ ရှင်မဟာကဿပ မထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သ ပိတ်တော်ဆေးခဲ့လို့ သပိတ်ဆေး ချောင်းဟု ခေါ်သည်။ချောင်းအတွင်း ၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။
သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေး မိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ် တွင်ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာ ပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေ ပါသည်။
ကျီးဖိုနှင့်ကျီးမ
အလောင်းတော် ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြိုနှုတ်ဆက် ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။
ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများ
ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ် ကြွားတင် စသူတို့ပါဝင်သော ၁ဝ ဦးအဖွဲ့သည် လွန်ခဲ့သောနှစ် ၃ဝ၊ ၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီက အလောင်း တော်ကဿပအောက် လိုဏ်ဂူ ကျောက်တံခါးဝတွင် ဖူးမြော်နေကြ သည်။ ထိုသူတို့ရှေ့၌ အလွန်ကြည် လင်တောက်ပသော အလင်းရောင် အလုံးတစ်လုံးပေါ်လာကာ တဖြည်း ဖြည်းငယ်ရာမှ ကြီးလာပြီး လိုဏ်ဂူ ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ ခေါင်း ရင်းဘက်မှ ရွှေစေတီတစ်ဆူပေါ် လာပြီး မကြာမီအလောင်းတော် အစစ်အား ကျောဘက်မှဖူးမြင်ခွင့်ရ ခဲ့ကြသည်။
တောပွဲ၊ မြို့ပွဲ
အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲ လပြည့်ထမနဲ စတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲ တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကား ကြီးကားငယ်အသွယ်သွယ်ဖြင့် လာ ရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြ သူများ၏ပွဲဖြစ် သည်။ သံဃာတော်များအား ဘုရား ဖူးများက အောက်လိုဏ်ဂူမှအထက် လိုဏ်ဂူအထိတန်းစီ၍ ရေသိမ်အပြီး တွင်လှူဖွယ်များ လောင်းလှူလေ့ ရှိသည်။ မွန်းလွဲ ၁ နာရီကျော် ခန့် တွင်အောက် လိုဏ်ဂူအဝင်ဝ ဘယ် ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်း ရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ် ရှားသည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။ သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှု ကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူး ရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများ ကိုနှစ်စဉ်တပို့တွဲလပြည့်နှင့်တပေါင်း လပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ် ပါသည်။
ရေးသူ - ကိုညိုလုံး

Sunday, April 12, 2009

-စင်္ကာပူသင်္ကြန်မှတ်တမ်းတင်ဓါတ်ပုံများ

စင်ကာပူရောက် မြန်မာများ၏ ရိုးရာသင်္ကြန်ပွဲ အထိမ်းအမှတ် ပွဲလမ်းသဘင်များကို ယနေ့တွင် ဘုန်းတော်ကြီးကျောင်းများ၊ မြန်မာများ စုဝေးလေ့ရှိသော စီးတီးဟော အနီးတဝိုက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

စင်ကာပူရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများဖြစ်သော Eunos ဓါတ်တော်တိုက်၊ Toa Payoh ကျောင်း၊ Clementi ကျောင်း၊ Sembawang ကျောင်းများတွင် ကြိုတင်ကြေညာထားသည့်အတိုင်း ဗုဒ္ဓဆင်းတုတော်များ ရေသပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်လှူခြင်းများ၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်၊ လက်သည်းညှပ်ခြင်းများဖြင့် ကုသိုလ်ပြုခဲ့ကြပြီး ဧည့်သည်များကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ယနေ့သည် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အလျောက် မြန်မာအများစုသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ကုသိုလ်ပြုခဲ့ကြသည်ဟု သိရသည်။

မြန်မာများ စုဝေးလေ့ရှိသော စင်ကာပူမြို့လည်ခေါင်ရှိ ပင်နီစူလာ ပလာဇာနှင့် ပတ်ဝန်းကျင်တွင်လည်း ဘုန်းတော်ကြီးကျောင်းမှ အပြန်လာကြသည့် သင်္ကြန်ချစ်သူများဖြင့် စည်ကားနေခဲ့သည်။ ပင်နီစူလာ ပလာဇာမှ ဆိုင်ခန်းအချို့က မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော အစရှိသည့် ရိုးရာသင်္ကြန်မုန့်များကို စတုဒီသာ ကျွေးမွေးခဲ့ကြသည်။ စီးတီးဟောအနီးရှိ ပန်ဒန်းကွင်းတွင်လည်း ရန်ကုန်မှ လာရောက်ဖျော်ဖြေကြသည့် ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ ဖြူဖြူကျော်သိန်း အစရှိသော အဆိုတော်တို့၏ ဂီတဖျော်ဖြေပွဲကို နေ့လည်ပိုင်းက ကျင်းပခဲ့ရာ မိုးကလေးဖွဲဖွဲရွာနေသည့်တိုင်အောင် အားပေးသည့် ပရိသတ်အများအပြားဖြင့် စည်ကားနေခဲ့သည်။ အဆိုတော်များသည် လူသိများသည့် သီချင်းများကို ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုခဲ့ကြရာ ပွဲငတ်နေသော စင်ကာပူရောက်မြန်မာများ အထူးပင်အားပေးခဲ့ကြသည်ကို တွေ့ရသည်။ ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးက “သင်္ကြန်သီချင်းတွေကြားတဲ့အခါ၊ မုန့်လေးတွေစားရတဲ့အခါ ရန်ကုန်ကိုပြန်သတိရတယ်။ ပြန်လည်းပြန်ချင်တယ်။ ပြန်ခွင့်မရသေးခင် ဒီလိုကြုံရတော့ ပျော်တယ်။ စင်ကာပူမှာ ပထမဆုံးကြုံရတဲ့ သင်္ကြန်ပါပဲ။ ကျွန်တော်ရောက်တာလည်းမကြာသေးတော့လေ” ဟု သံလွင်ကိုပြောပြသည်။

သင်္ကြန်ပွဲများတွင် တွေ့ရလေ့ရှိသော မူးယစ်သောက်စားမှု လွန်ကဲခြင်းများကိုလည်း ပြည်တွင်းသင်္ကြန်ပွဲများကဲ့သို့ပင် မြင်တွေ့ခဲ့ရသည်။ အရက်ဘီယာများကိုလည်း လျှော့ဈေးများဖြင့် ရောင်းချခဲ့ကြရာ မိန်းကလေးအချို့ပင် အထိန်းအကွပ်မဲ့ မူးယစ်နေသည်ကို တွေ့ရသည်။


၁)YTU စွယ်တော်ငြိမ့်တင်ဆက်စဉ်

၂) People Park Theatre

၃) Toapayoh ဘုန်းကြီးကျောင်းအပြင်တွင်

၎) Toapayoh ဘုန်းကြီးကျောင်းဝန်းအတွင်း

၅) စတုဒီတာကျွေးရာနေရာ

၆) Toapayoh ဘုန်းကြီးကျောင်းဆောင်ထဲတွင်တရားနာစဉ်


ရ) Peninsula Plaza တွင်


၈) Peninsula Plaza တွင်



၉) Stage Show ပြရာ Padang ကွင်းအကွင်းအနီး


၁၀) Singapore မြစ်အနီး Clare Quey ဆိပ်ကန်း


၁၁) Stage Show ပြရာ Padang ကွင်းအနီး


၁၂) Stage Show ပြရာ Padang ကွင်းသွားရန်လမ်းဖြတ်ကူးစဉ်



၁၃) Stage Show သို့ဝင်ရန်တန်းစီနေစဉ်

Wednesday, April 8, 2009

~တန်ဖိုးရှိသော ငါ~

ငါပိုင်သမျှ ငါ့စေရာသည်..

ခဏဖြစ်ပြီး ခဏပျက်၏။

ငါ့ခြေငါ့လက် ငါ့စိတ်သည်လည်း….

ယုတ်ရော်ပျက်ဆီး သွေဖယ်ခြင်းဖြင့်..

အလျင်းရှောင်မရ ပျက်ဆီးရ၏။

ငါ၏ဘ၀ ထိုထိုများလည်း…

ခဏဖြစ်ခဲ့ တည်သည်ရှိသော်..

နှစ်သက်ခြင်းရာ ပိုမပါခဲ့..…

သဘာဝအား ထိုတရားကြောင့်…..

အလွှဲရှောင်မရ ပျက်ဆီးရ၏။

ငါ၏စကား ငါ့တရားလည်း….

မုသားသိုင်းခြုံ နှောင်ဖွဲ့မြဲမို့….

တန်ဖိုးရှိသော ငါ့အဖို့ဘ၀၏ဒဏ်ရာ..

မှောင်သောညတို့ ရှည်လွန်းလှပါတကား။ ။

ဖန်နေ၀န်း( ဗန်းမော် )

-စင်္ကာပူ-မြန်မာသင်္ကြန်ပွဲတော်ကို ဘယ်လိုဆင်နွဲရမလဲ?????












ဒီနှစ်သင်္ကြန်ပွဲတော်ရက်က ဧပြီ ၁၃ရက် မှ ၁၆ ရက်အထိပါ။
စင်္ကာပူမှာမြန်မာတွေအများကြီးရောက်နေပြီဆိုတော့ အရမ်းစည်မယ်လို့ထင်ပါတယ်။ သင်္ကြန်သီချင်းသံကြားရရင်ပဲစိတ်ထဲမှာ မြန်မာပြည်ရောက်နေတယ်လို့ထင်မိပါတယ်။ လူတွေကလည်းအများကြီးဆိုတော့။


အင်း.......ဒါမေမယ့် မြန်မာပြည် ကိုပဲချစ်တယ်...
မြန်မာပြည် ကိုပဲလွမ်းတယ်
သင်္ကြန်ပွဲကို မြန်မာပြည် မှာပဲကျင်းပချင်တယ်။
အော်......... "ပျော်ရာမှာမနေရ တော်ရာမှာနေရ"....
အင်း အတွေးကိုဒီမှာတင် ရပ်၊ ဘာလုပ်မလဲစဉ်းစား?????

အစီအစဉ်တွေကအများကြီးပါ။ လက်လမ်းမှီသလောက်ကို စုစည်းထားပါတယ်။
၁)သင်္ကြန်အကြို (၃) ရက်တရားစခန်း
နေရက် ။ ။ ၁၀.၀၄.၀၉ (Good Friday) မှ ၁၂-၀၄-၀၉
နေရာ ။ ။ သနိသုခရာမရိပ်သာ ( kota Tinggi, Johor, Malaysia )
ဝင်ကြေး ။ ။ အခမဲ့

ဆက်သွယ်ရန် ။ ။ ဇော်မိုးစံ ဖုန်း ၆၅-၉၁ရ၁၄၃၅၀
email –
zawmoesan@yahoo.com.sg

၂) Stage Show at Pandang Field
နေရက် ။ ။ ၁၂-၀၄-၀၉
နေရာ ။ ။ Pandang Field ( ပန်နီဆူးလားပလာဇာ အနီး)
ဝင်ကြေး ။ ။ 15 S$
ဆက်သွယ်ရန် ။ ။ပန်နီဆူးလားပလာဇာ ၊ တတိယထပ် “အောင်ချမ်းသာ”ဆိုင်

၃) စွယ်တောရိပ်အငြိမ့် (RIT Aluminium) ပွဲပါ
နေရက် ။ ။ ၁၁-၀၄-၀၉ ( ၄း၄၀ မှ ၉ နာရီ အထိ)
နေရာ ။ ။ Kreta Ayer People Therater, 30 Kreta Ayer Road
ဝင်ကြေး ။ ။ 15 , 20, 25$
ဆက်သွယ်ရန် ။ ။Ma Moh Moh Min (EP/199/YIT) Ph-98007011
Ma Shwe Zin Ma (EC/2000/YTU) Ph-90016445
Ko Htin Kyaw Myint (Archi/2002/ MTU) Ph-93383609
Ko Bo Bo Han Htun Naing (ARchi/2002/ MTU) Ph-81189160
Ma Phyu Phyu Thein (EC/2003/YTU) Ph-91095406
Ma Mon Yi Aung (EC/2003/YTU) Ph-98520653
Ko Thant Zin Myo (Civil/2003/ PTU) Ph-92381646

၎)Sembawang သင်္ကြန်ပွဲ
နေရက် ။ ။ ၁၂-၀၄-၀၉ ( ၉ နာရီ မှ ၄ နာရီ အထိ)
နေရာ ။ ။ Sembawang Park ( Near Sea Side)
ဝင်ကြေး ။ ။ အခမဲ့

ကျန်တာတွေက အရင်နှစ်တွေကလိုပဲ
Toapayoh ဘုန်းကြီးကျောင်း
Date : 29th Mar 2009 (Sunday)
Time : 2:30pm-4:00 pm
Venue : Burmese Buddhist Temple (Toa Payoh)
: No. 14, Tai Gin Road, Singapore 327873 .
Buses : 139 Nearest Stop @ Ah Hood Rd - B01, 52479
: 5, 56, 57, 105, 139, 143, 145, 151, 153, 154, 506, 966, 985
Nearest Stop @ Jln Toa Payoh - B05 (Opp Trellis Towers), 52079

Tiong Baru ဘုန်းကြီးကျောင်း
Eunos ဘုန်းကြီးကျောင်း
123,Koon Seng Road, SG(Bus 13 or 155 from Eunos MRT, alight near MalaccaHotel)Ph:67487352
တွေက စတုဒီသာဖြင့်ပါရမီဖြည့်ကုသိုလ်ပြုကြမှာပါ။
ကဲဘာလုပ်ကြမှာလဲ????? Good Friday ပိတ်ရက်က ခံနေသေးတယ်နော်။

Monday, April 6, 2009

-ခွင့်မပြုချင်ပါ


မြကျွန်းသာပန်းခြံ။
ကမ္ဘာအေးဘုရားလမ်းဘက်မှ အင်းလျားကန်စောင်းကို မေးတင်ထားသော ပန်းခြံကြီး။ ဒီပန်းခြံကို မိုးမရွာသော ညနေခင်းတိုင်းနီးပါး သူရောက်ဖြစ်သည်။ ကန်ကိုဖြတ်သန်းလာသည့် ရေငွေ့ပါသော ရနံ့တစ်မျိုး၊ သစ်ပင်ကြီးများကို ထိုးဖောက်တိုက်ခတ်လာတတ်သော အေးစိမ့်စိမ့်လေပြေလေး၊ ကားကြီး၊ ကားငယ်တို့၏ အင်ဂျင်သံကို အံတုနေတတ်သည့် ငှက်ငယ်တို့၏ တေးသီသံတို့ဖြင့် မြကျွန်းသာသည် လှပနေတတ်သည်ကို သူသိပါသည်။ တကယ်တော့ ဒီပန်ခြံကြီး၏ သဘာဝအလှမှန်သမျှကို သူ တချိန်က အပြည့်အဝခံစားနိုင်ခဲ့ဖူးသည်။ ထို "တချိန်က" ဆိုသောစကားသည် လွန်ခဲ့သော ဆယ်လခန့်အထိ ဖြစ်သည်။ တနည်းအားဖြင့် သူ မျက်စိမကွယ်ခင်က အထိပင်ဖြစ်ပါသည်။ ဦးနှောက်တွင် အဖုအကြိတ် ၂ ခုခန့်တွေ့ရသဖြင့် ခွဲစိတ်ရန်လိုသော်လည်း သူ က ခွဲစိတ်ခံဖို့ထက် ဆေးစားခြင်းကို အားသန်ကာ သောက်ဆေးများကိုသာ လပေါင်းများစွာ စားခဲ့သည်။ ထို့နောက် ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် တဖြည်းဖြည်း အမြင်အာရုံများ ဆုံးရှုံးခဲ့ရကာ လွန်ခဲ့သော ဆယ်လခန့်ကတော့ လုံးဝကို မမြင်ရတော့ပေ။ ပြည်ပနိုင်ငံမှ ဆရာဝန်ကြီးများနှင့် သွားရောက်ဆွေးနွေးသည့်တိုင်အောင် စက္ခုနှစ်ကွင်း အလင်းရအောင် အာမခံချက်မပေးနိုင်တော့။ နောက်ဆုံး လက်လျှော့ပြီး မျက်မမြင်ဘွဲ့ ခံယူလိုက်ရတော့သည်။ တချိန်က ကွန်ပျူတာကီးဘုတ်များပေါ် ပြေးလွှားနေခဲ့သော လက်ချောင်းများလည်း အနားယူခဲ့ရသည်။ အင်္ဂလန်တက္ကသိုလ်ကြီးတစ်ခုမှ ချီးမြှင့်ထားသည့် ကွန်ပျူတာဒီဂရီဘွဲ့သည်လည်း နံရံမှာချိတ်ထားဖို့ထက် ပိုအသုံးမဝင်လှတော့ပေ။ သို့သော် လူဖြစ်ရှုံးခဲ့ရပြီဟု ခံယူတတ်သူ မဟုတ်သဖြင့် သူငယ်ချင်းများ စုပေါင်းတည်ထောင်ထားသည့် အိုင်တီကုမ္ပဏီတစ်ခုတွင် Software Consultant အဖြစ် ကြိုးစားရပ်တည်နေသည့် သူ။"မောင်ဝဏ္ဏ အနွေးထည်လေး ဝတ်သွားပါလား။ မိုးသက်လေလေး ရှိတယ်ကွဲ့"သူတို့မိသားစု၏ လူယုံဆိုလည်းဟုတ်၊ ယာဉ်မောင်းကြီးလည်းဟုတ်သည့် ဦးထွန်းမင်းက ဂရုဏာအသံဖြင့် ကားပေါ်မှ ဆင်းတော့မည့်သူ့ကို သတိပေးသည်။ သူ ညနေတိုင်း မြကျွန်းသာပန်းခြံသို့လာပြီး အနားယူတိုင်း ဦးထွန်းမင်းက လိုက်ပို့တတ်သည်။ သူ ထိုင်ချင်သည့်နေရာသို့ ပို့ပေးခဲ့ပြီး သူ့ညီမလေးကို ကျောင်းသွားကြိုတတ်သည်။ ထို့နောက် သူ့ကို ပြန်ဝင်ခေါ်ပြီး မောင်နှစ်မ နှစ်ယောက်အတူပြန်ကြသည်။ အိမ်တွင် မိခင်ကြီးက ထမင်းဝိုင်းနှင့် စောင့်လျက်ရှိပေမည်။ ဒါက သူတို့ မိသားစု၏ ညနေအချိန်ဇယားပင်ဖြစ်သည်။"ဟုတ်ကဲ့။ ပေးလေ ဦးလေး။ ဝတ်သွားလိုက်မယ်"ဦးထွန်းမင်းက အဆင်ပြေအောင် ကူညီဝတ်ဆင်ပေးပြီး ကားပေါ်က တွဲကူဆင်းစေသည်။"ကျွန်တော့်ကို ကန်ဘောင်ဘက်ပို့ပေးခဲ့ပါလား။ ဒီနေ့ ပန်းခြံထဲ ဝင်မထိုင်ချင်လို့။ ညီမလေးကြိုပြီးရင်လည်း အဲဒီဘက်မှာပဲ လာခေါ်လိုက်လေ""အေး အေး။ ဂရုစိုက်နော် မောင်ဝဏ္ဏ""ဟုတ်ကဲ့ ဦးလေး"ဦးထွန်းမင်းက သူ့ကို ထီးမိုးထားသော ခုံတန်းလေးတစ်ခုပေါ်တွင် ထိုင်စေပြီး နှုတ်ဆက်ထွက်ခွာသွားသည်။ သူ က အင်းလျားလေကို တဝကြီးရှူရှိုက်ရင်း မမြင်ရတော့သည့် ပတ်ဝန်းကျင်ကို ခံစားနေမိသည်။ ထုံးစံအတိုင်း လေတိုးသံ၊ လှိုင်းပုတ်သံ၊ ငှက်အော်သံ၊ ကားသံ၊ ဖြတ်သွားဖြတ်လာတို့၏ အသံများ၊ သဘာဝလေ၏ ရနံ့၊ မြေသင်းနံ့၊ သစ်ပင်ကြီးများအနားတွင် ရတတ်သည့် စိမ်းစိုသော အနံ့တစ်မျိုး။ ထိုအာရုံများအားလုံးကို တပြိုင်တည်းခံစားနိုင်သည့်အတွက် မမြင်ရသည့်တိုင်အောင် ဤနေရာလေးမှာ ဘာတွေ ရှိနေမည်၊ ဘယ်လိုဖြစ်နေမည်ကို သူ အတတ်သိပါသည်။ ဘောင်းဘီအိတ်ထဲတွင် ထည့်ယူလာသည့် MP3 Player ကို ဖွင့်ပြီး သီချင်းနားထောင်ရန် ကြိုးစားနေစဉ် ရနံ့အသစ်တစ်ခုကို သတိထားမိလာသည်။ ထိုရနံ့သည် ဘယ်ဘက်မှ ညာဘက်၊ တဖန် ညာဘက်မှ ဘယ်ဘက်သို့ သုံးလေးခေါက်ခန့် လူးလာဖြတ်သန်း သွားနေသည်။ ထိုရနံ့သည် အမျိုးသမီးသုံး အပေါစား Body Spray တစ်မျိုး၏ အနံ့ဖြစ်လောက်သည်။ ထိုသို့သတိထားမိစဉ်မှာပင် ထိုရနံ့ပိုင်ရှင်သည် သူ့အနားတွင် ရပ်နေသည်ဟု သူ ခံစားလိုက်ရသည်။ နေကာမျက်မှန်အောက်မှ မျက်လုံးများကို တင်းကျပ်သထက် တင်းကျပ်အောင် ပိတ်ပြီး ပြန်ခံစားကြည့်သည်။ ဟုတ်သည်။ တစုံတယောက် သူ့နားမှာ ရပ်နေသည်မှာ သေချာသည်။ သူ့ညနေများသည် တစ်ယောက်တည်းသာ အချိန်ကုန်တတ်သဖြင့် စကားပြောဖော်များလားဟု တွေးပြီးပျော်သွားမိသည်။
ထို့ကြောင့် အရဲစွန့်ပြီး စကားစပြောဖြစ်သည်။"အခြားမှာ ထိုင်စရာမရှိရင် ဒီမှာပဲ ထိုင်ပါလား"မျက်စိမမြင်ရသည့် သူက ရနံ့ပိုင်ရှင်ကို ဖိတ်ခေါ်လိုက်သည်။"အမယ် ... အစ်ကိုက အလာကြီးပဲ။ မျက်စိမမြင်လို့ မသိဘူး မှတ်နေတာ... ဟင်း ဟင်း"မိန်းကလေးအသံ။ အသက်သိပ်ကြီးသေးဟန်မတူ။ ရယ်စရာ စကားမပါဘဲ ရယ်နေသေးသည်။ ထို့နောက် သူ့ဘေးမှာ ချက်ချင်းဆိုသလို ဝင်ထိုင်သည်။"ပြောအစ်ကို။ သမီးဘာလုပ်ပေးရမလဲ""ခင်ဗျာ ... ကျွန်တော်က ဒီကညီမ ထိုင်စရာနေရာ ရှာနေတယ်မှတ်လို့ ကူညီတာပါ။ ဘာမှ လုပ်ပေးစရာမလိုပါဘူး""အော်... မသိပါဘူး။ အကူအညီလိုလို့ သမီးကို ခေါ်တယ်မှတ်နေတာ ဟဲဟဲ ... လိုတာပြောနော်။ အားမနာနဲ့"ဒီကလေးမ စကားပြောပုံက တမျိုးပါလားဟု ထင်နေမိသည်။ သူ့ကို ဒုက္ခိတမှန်းသိ၍ ဖော်ရွေနေခြင်းလား ... ဒါတော့ သိပ်မသေချာလှ။"ညီမက လမ်းလာလျှောက်တာလား။ ဒါမှမဟုတ် စွန်လာလွှတ်တာလား"သူ မျက်စိမြင်စဉ်က ဆယ်ကျော်သက်တို့ ကန်ဘောင်တွင် စွန်လွှတ်ကစားကြတာ စောင့်ကြည့်နေခဲ့သည်ကို သတိရရင်း စကားပြန်စလိုက်သည်။"ဟုတ်ပါဘူး။ သမီးက အလုပ်လေ။ သိတယ်ပေါ့လား အလုပ်ဆိုတာ။ ဟဲဟဲ ... အစ်ကို ညနေ ညနေ လမ်းလာလျှောက်တာ တွေ့နေလို့ မျက်စိမမြင်တာ သိနေတာ။ သမီးကလည်း ညနေကနေ ညဥ့်နက်တဲ့ အထိ ဒီမှာရှိတယ်""အော် ... ညပိုင်းလုပ်ရတာလား။ အစ်ကိုက မမြင်ရတော့ သတိမထားမိဘူးလေ။ အလုပ်အကိုင် အဆင်ပြေရဲ့လား။ ဘာလုပ်ရတာလဲဟင်"ကောင်မလေး၏ ကလေးဆန်သော စကားပြောဟန်ကြောင့် သူစပ်စုလိုက်သည်။"ညလည်းလုပ်တယ်။ နေ့လည်းလုပ်တယ်။ အဆင်ပြေလားဆိုတော့ ... ဟဲဟဲ .. ဘယ်လိုပြောမလဲ ... ခေါ်တဲ့လူရှိရင် အဆင်ပြေတာပေါ့။ ဒီနေ့တော့ အဆင်မပြေသေးဘူး။ ခေါ်သူမရှိသေးဘူးပေါ့။ ဒါကြောင့် အစ်ကိုများ အကူအညီလိုမလားလို့ လာခဲ့တာလေ ... ဟဲဟဲ ... ဘယ်လိုလဲ"ဘုရားရေ - ဒီစကားတွေကို ထမင်းစားရေသောက်လို ရယ်သံစွက်စကားပြောနေသော ကလေးမ ... ခုမှ သူသတိထားမိသည်။ ဒီကလေးမသည် ခန္ဓာကိုယ်ကိုရင်းပြီး ငွေရှာနေသော ..."ဒါ ဒါဆို ညီမက ... ဟို... ဟို...""သမီးက ပျော်တော်ဆက်ပေါ့။ မပျော်တဲ့လူတွေကို ပျော်အောင် လုပ်ပေးတယ်။ လိုနေတဲ့ ကွက်လပ်လေးတွေ ဖြည့်ပေးတယ်။ အားလုံးစိတ်ချမ်းသာစေရမယ်""ဟို ... အစ်ကို့အတွက် မလိုပါဘူး ညီမရယ်။ ဝါသနာလည်း မပါပါဘူး။ နေ... နေပါစေ"မျက်စိမမြင်သည့်တိုင် သူ မျက်နှာတွေပူပြီး စိတ်မကောင်းဖြစ်မိသည်။ သံခုံတန်းလေး၏ လက်ရမ်းတစ်ဖက်ကို တင်းတင်းဆုပ်ရင်း မတရားစွပ်စွဲခံရသော ပြစ်မှုတစ်ခုကို ငြင်းဆန်သလို ငြင်းနေမိသည်။ တချိန်တည်းမှာပင် အဖြစ်ဆိုးရသည့် ကလေးမလေးကို သနားမိသည်။"အိုကေလေ ... ဒါဆို သမီးသွားမယ်။ နောက်လိုတဲ့အခါ ဒီနားမှာမေးပေါ့။ နာမည်က ထားထားဖြူ တဲ့။ အသက်က ၁၈ နှစ်။ အရပ်က ၅ ပေ ၅ ။ ဟား ဟား ... ကဲ ဘော်ဒါရှာလိုက်ဦးမယ်။ လစ်ပြီ""နေပါဦး ညီမ"ဘာကြောင့်မှန်းမသိ။ သူ တားလိုက်မိသည်။ ညီမငယ်တစ်ယောက်ရှိသော သူ့အတွက် ဒီကလေးမကို ကိုယ်ချင်းစာလှသည်။ လမ်းမှန်သို့ ရောက်အောင် ပြောင်းလဲကြည့်မည်ဟု တွေးမိသောကြောင့် တားမိတာဖြစ်နိုင်သည်။ စိတ်ပြောင်းသွားပြီလား ဟု ကလေးမက မေးရင်း ပြန်ထိုင်လိုက်သည်။ သူ သက်ပြင်းရှည်ကြီးကို ချရင်း မေးလိုက်သည်။"ညီမ တခြားအလုပ် တစ်ခုခု လုပ်ပါလားဟင်။ ဒီအလုပ်က ... ဟို ... သိပ်မကောင်းဘူးလေ"ပြောမယ့်သာပြောရသည်။ သူ့အသံသည် ယုံကြည်မှုအားနည်းနေသည်ဟု ထင်မိသည်။"သမီး တခြားဘာမှမလုပ်တတ်ဘူး"ကလေးမက ပွင့်ပွင့်လင်းလင်းပင်ပြောသော်လည်း အသံထဲမှာ အားငယ်စိတ်တွေကို ရှာတွေ့နိုင်သည်။ ထို့နောက် သူတို့ နှစ်ယောက် စကားတွေအကြာကြီးပြောဖြစ်သည်။"ညီမ ကျောင်း ဘယ်အထိတက်ဖူးလဲ""ခုနှစ်တန်း။ ပြီးတော့ အမေနဲ့ ဘုရားပွဲဈေးတွေမှာ ဈေးလိုက်ရောင်းတယ်""ဒါဆိုလည်း ဈေးလေးပဲ ဆက်ရောင်းပေါ့ညီမရယ်။ ဘာလို့များ ဒီအလုပ်ကို ....""အကြောင်းကြောင်းကြောင့်ပေါ့ အစ်ကိုရယ်။ ဘယ်သူကတော့ ပျော်နေပါ့မလဲ။ ခုလိုခေတ်မှာ မိသားစုစားဖို့၊ မောင်နှစ်ယောက်ကို ကျောင်းထားဖို့၊ ဖျားနာရင်ဆေးဖိုး ... ဒါတွေကို အမေ့ဈေးဗန်းလေးတစ်ခုက မဖြည့်နိုင်ဘူးလေ။ အစ်ကိုတို့လို မျက်စိမမြင်တာတောင် အချိန်တန်ကားလေးနဲ့ ရွှတ်ခနဲ သွားနိုင်ရင်တော့ အကောင်းသား။ မိထားတို့ ဟောဒီလို ရင်ကော့ပြီး နေလိုက်မယ်"ဒီလိုမေးခွန်းတွေအတွက် ဒီကလေးမ ဘယ်နှစ်ကြိမ်ဖြေခဲ့ပြီးပြီလဲမသိ။ အဖြေက နှုတ်ဖျားတွင် အဆင့်သင့်ရှိနေပုံရသည်။ အဖြေကလည်း အချက်အလက်ကျသဖြင့် သူ ပင် စကားဆက်ရခက်သွားသည်။ ကလေးမ လူလားမြောက်ခဲ့ချိန်တွင် ဆင်းရဲချို့တဲ့နေခဲ့သော မိဘများကိုပဲ အပြစ်တင်ရမည်လား။ သို့မဟုတ် ပညာကို ဆုံးခန်းမတိုင်ခဲ့သော ကလေးမ၏ အပြစ်ပင်လား။ သူ ကိုယ်တိုင်ပင်မသေချာ။"ဒါတော့ ဒါပေါ့ညီမရယ်။ မိဘဝင်ငွေနည်းပေမယ့် ညီမသာ ခုနှစ်တန်းထက် ကျောင်းပိုနေခဲ့မယ်ဆိုရင် ..."စကားပင်မဆုံးသေး။ ကလေးမလေးက ဖြတ်ပြီး"ကျောင်းလည်းတက်ချင်ခဲ့တာပါပဲ။ ဒါပေမယ့် ကျောင်းစရိတ်အပြင် ကျောင်းဝတ်စုံစရိတ်၊ ကျောင်းကအလှူခံ၊ နောက်တခါတလေ သူ့အိမ်မှာ ကျူရှင်မတက်မနေရဆိုတဲ့ သဘောမျိုးပြောလာတတ်တဲ့ ဆရာမ။ အစ်ကိုတို့ ခေတ်ကနဲ့ မတူတော့ဘူးထင်ပါရဲ့။ အများကြီးပေါ့အစ်ကိုရယ်။ ဆယ်တန်းအောင်တော့ရော ဘာအဆက်အသွယ်မှ မရှိတဲ့ သမီးလိုလူက ဘယ်လိုအလုပ်မျိုးမှန်းရမလဲ။ ဘွဲ့ရရင်ရော ... အစ်ကိုလည်း ဒါတွေ သိတော့သိမှာပါ။ အခု သမီးနဲ့အတူလုပ်နေကြတဲ့လူတွေထဲမှာ တချို့ဟာ တက္ကသိုလ်ကျောင်းသူတွေဆိုရင် အစ်ကိုယုံမလား"ဘုရား ဘုရား ... သူ ဒုတိယအကြိမ် ဘုရားတမိသည်။ ၁၈ နှစ်အရွယ် မိန်းကလေး၏ စကားများက သူ့အား ဆွံ့အစေပြန်သည်။ ဆယ်တန်းအောင်ရင် ... ဘွဲ့ရရင် ... တက္ကသိုလ်ကျောင်းသူတွေ ... စကားလုံးတွေက သူ့ခေါင်းတွေကို နောက်ကျိလာစေသည်။ ချွေးတွေလည်း ပျံလာသည်။ ဆုံးမစရာ စကားလည်း ခန်းခြောက်သလိုလိုဖြစ်လာသည်။ ပညာမတတ်ကြခြင်း၊ ပညာနှင့်ညီမျှသော အလုပ်အကိုင်ရှားပါးလာခြင်း ... ဒါတွေ၏ တရာခံသည် သူတို့ကိုယ်တိုင်လား၊ ပညာရေးစနစ်ကြီးလား၊ တိုင်းပြည်စီးပွားရေးလား ..."အစ်ကို့ကို ညီမ အစ်ကိုရင်းလို သဘောထားလို့ ပြောပြပါဦးမယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ မိသားစုရပ်တည်ရေးအတွက် အကြော်ရောင်းလိုက်၊ အုတ်ခဲရွက်လိုက်လုပ်၊ မလောက်မငှရတဲ့ ငွေနဲ့ အိမ်ပြန်တာနဲ့ အခုလို အလုပ်လုပ်ပြီး သောင်းဂဏန်းကိုင်ပြီး အိမ်ပြန်တာ ... နှစ်ခုယှဉ်လိုက်ရင် ဘာကိုရွေးရမယ်ဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ ညီမ ဘဝမျိုးစုံကျင်လည်ခဲ့ပြီးပါပြီ။ အကျဉ်းအကြပ်ထဲရောက်တဲ့အခါ မဖြစ်ချင်တဲ့ဘဝကို ဆန္ဒမပါဘဲ မျက်စိမှတ်ရွေးချယ်ခဲ့ရပါတယ်။ အစ်ကိုတို့က ဘဝကို စာအုပ်ဖတ်ပြီး ဖြတ်သန်းလာခဲ့တာပါ။ သမီးတို့က လက်တွေ့ဖြတ်သန်းလာခဲ့ရတာလေ။ သမီးတို့ဘဝတွေ လုံခြုံဖို့ တကယ်ပဲ လိုအပ်ပါတယ်"ကလေးမလေးအသံက ကြေကွဲလွန်းနေသည်ဟု သူထင်သည်။ မမြင်ရသော သူ့မျက်လုံးတွေက အငြိမ်မနေနိုင်ဘဲ လှုပ်ရှားနေသည်။ ဘဝကို စာအုပ်ဖတ်ပြီး ဖြတ်သန်းလာသူဆိုပဲ။ ဒီကလေးမလေး မျက်လုံးတွေ ရီဝေနေမလား။ အင်လျားကန်၏ အစွန်းတစ်ဘက်ကို လှမ်းငေးနေမလား။ သူကရော ဘာလုပ်ပေးနိုင်မလဲ။ တွေးနေဆဲတွင်"ဟဲ့ မိထား။ နှစ်ယောက်လိုတယ်တဲ့။ ဖုံးဆက်လို့။ နင်လိုက်မှာလား"ကွမ်းတွေ ပလုံးပထွေးဝါးထားသည့် ယောက်ျားသံတစ်သံပေါ်လာသည်။ ကလေးမလေးက"လိုက်မယ်။ ကျေးဇူး။ အခုလာပြီ" ဟု ချက်ချင်းပင်ပြန်ဖြေရင် မတ်တပ်ရပ်လိုက်သည်။ ကျေးဇူးတောင် ပြန်တင်နေလိုက်သေးသည်။ သူ့ရင်ထဲ နာကျင်လှပေသည်။ ကလေးမလေးက"အစ်ကို သမီးသွားပြီ။ အစ်ကိုဆိုလိုတာတွေ သမီးနားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သမီးလို လူတွေ၊ ဘဝတွေ ထပ်ပေါ်မလာဖို့ အမြဲဆုတောင်းပါတယ်။ ခုတော့ ... လက်တွေ့ဘဝရပ်တည်ဖို့အတွက် ...."ရှိုက်သံ သဲ့သဲ့တချက်ကြားလိုက်သလိုလိုထင်မိသည်။"... လက်တွေ့ဘဝရပ်တည်ဖို့အတွက် ခွင့်ပြုပါဦး"ခွင့်မပြုချင်ပါ။ လုံးဝခွင့်မပြုချင်တော့ပါ။ နောက်ထပ်ဘယ်သူ့ကိုမှ ခွင့်မပြုပါရစေနဲ့တော့ ...

အေးချမ်း(သံလွင်)

Sunday, April 5, 2009

*မနေတတ်ဘူး*

~မနေတတ်ဘူး~

  • ဧပြီရယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ….
  • နင်ရယ်၊ငါရယ်။
  • ပြီးတော့ပိတောက်တွေရယ်….
  • ခုတော့…
  • လွှမ်းဆွတ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ….
  • သင်္ကြန်ရယ်၊ငါရယ်။
  • ပြီးတော့ပိတောက်တွေရယ်…..
  • နင်သိရဲ့လား.......
  • ငါ့ရဲ့ရင်ဘတ်ထဲက ဇယားကွက်ထဲမှာ…
  • ဧပြီဆိုတာ သေဆုံးသွားပြီ။......
  • နင့်ကိုခေါ်သွားတဲ့ အဝေးဆုံးဆိုတာက....
  • ငါလည်းတစ်ရက်ရောက်လာမှာပါဟာ…
  • ဒါပေမယ့်..
  • ခုချိန်မှာတော့ ဧပြီရောက်တိုင်း……..
  • ငါ……….မနေတတ်ဘူး။
ဖန်နေဝန်း(ဗန်းမော်)